ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မေလ ၂၀ ရက်
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ် ၊သရက်နှစ်ခွ ရွာတွင် ငွေတောင်းခံနေသည့် စစ် ကောင်စီဂိတ်စခန်းကို ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး DDPDF နှင့်ပူးပေါင်း အဖွဲ့ များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယမန်နေ့ မေလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်သည်။
မေလ ၁၉ ရက် ည ၉ နာရီခန့်အချိန်တွင် ခရီးသွားပြည်သူများထံက ငွေကြေးတောင်းယူနေသည့် စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ 60 mm ဗုံးသီး ၁၀ လုံးနှင့် အတူ လက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“အဲဒီဂိတ်က အရမ်းဆိုးတဲ့ ဂိတ်ပေါ့။ခရီးသွားပြည်သူတွေဆီက နေပြီး မတရားခြိမ်းခြောက်ပြီး ငွေညှစ်တောင်းခံနေတဲ့ ဂိတ်ဖြစ်လို့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ “ ဟု ပြည်သူ့ကာကွယ်ရေးတပ်ဦး မှ တာဝန်ရှိသူတစ်ဦးက
ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဲဒီပစ်ခတ်မှုဟာ ၅ မိနစ်ခန့်အချိန်ကြာမြင့်ပြီး စစ်ကောင်စီတပ်သား လေး ဦး သေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ၎င်း ကဆက်လက်ပြောဆိုသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျား
တပ်ဖွဲ့ (သရက်ချောင်း – ပကဖ)၊ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သရက်ချောင်း- ပကဖ) နှင့်ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ–ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့
#စစ်ကောင်စီစခန်း #တိုက်ခိုက်ခံရ #သရက်ချောင်း
#ထားဝယ် #Ayeyarwaddy _Times