ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ မေလ ၂၁ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်းကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာ ကျေးရွာချင်းဆက်လမ်းအား မေလ ၁၉ ည ၇ နာရီဝန်းကျင်က စစ်ကောင်စီမှ မြေတူးစက်များဖြင့် လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ကင်မွန်းချောင်း-ဆောင်နိုင်ကြီးလမ်းပိုင်းရှိ ကဒက်ချောင်းတံတားမရောက်မီတွင် အကျယ်ရှစ်တောင်ခန့် လမ်းအား အနက် ၆ ပေဝန်းကျင်ထိရောက်အောင် ကန့်လန့်ဖြတ် မြေတူးစက်ဖြင့်တူးဖော်သွားသည့်အတွက် ဒေသခံရွာသားများအနေဖြင့် သွားရေး လာရေးအခက်အခဲကြုံနေရကြောင်း သိရသည်။

“ဒီနေရာက တော်လှန်ရေးသမားတွေသွားနေကျနေရာလည်း မဟုတ်ဘူး။ လမ်းတွေကအများကြီးရှိတာကို။ အဓိကကတော့ ကျေးရွာသူ ကျေးရွာသားတွေသွားလို့မရတော့ဘူးပေါ့၊ သွားလို့မရအောင်လုပ်ထားပြီး ဘာကြောင့်မရတာလဲဆိုရင် တော်လှန်ရေးရဲဘော်တွေကြောင့် လုပ်ရတာပြောပြီး ပြည်သူနဲ့ရန်တိုက်ပေးမဲ့သဘောပါပဲ။ တော်လှန်ရေးရဲဘော်တွေကိုအမြင်စောင်းအောင်လုပ်တာပါပဲ “ ဟု သထုံခရိုင် PDF တဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီမှ ယခုကဲ့သို့လမ်းဖျက်ဆီးမှုကြောင့် ဒေသခံများမှ ကား၊ ဆိုင်ကယ်များဖြတ်သန်း၍မရတော့ပဲ အခက်အခဲများကြုံတွေ့နေရပြီး တော်လှန်ရေးရဲဘော်များအနေဖြင့်လည်း အဆိုပါလမ်းပိုင်းအား အသုံးပြုနေခြင်းမရှိကြောင်း ကိုအေးမင်းထွန်းကဆက်လက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ ၁၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အမြောက်တပ် ၃၁၄ တပ်ရင်းအနီး ဇီးဝန်းရွာလေး ဘုရားနားသို့ အင်အား ၃၀ ဝန်းကျင်ဖြင့် ရောက်ရှိလာပြီး ရွာလမ်းမအား ကားသွား၍မရအောင် လာရောက်တူးသွားကြောင်းလည်း သိရပါသည်။

ကော့ကရိတ် မြို့နယ်တွင်လည်း စစ်ကောင်စီ တပ်သားများက လမ်းမများကို သွားလာရေး အခက်အခဲဖြစ်အောင် မြေများတူး၍ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ – Kyaikhto Information Team။
#ကျိုက်ထို #ကင်မွန်းချောင်း #လမ်း #ဖျက်ဆီးခံရ #စစ်ကောင်စီ #Ayeyarwaddy_Times