ဧရာဝတီတိုင်းမ်
မေလ ၂၁ ရက်
ရခိုင်ပြည်၊စစ်တွေမြို့၏တဖက်ကမ်းတွင်ရှိသည့် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာသည် မိုခါမုန်တိုင်းကြောင့် ရွာလုံးကျွတ်ပျက်စီးပျောက်ကွယ်သွားပြီး ဒေသခံများမှာ လက်ရှိတွင် စားနပ်ရိက္ခာများအရေးပေါ်လိုအပ်လျှက်ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် အိမ်ခြေ ၄၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်အထိရှိပြီး ဒေသခံများမှာ လက်ရှိတွင် နေစရာနေရာများမရှိကြတော့သလို စားရေးသောက်ရေးအတွက်လည်း အခက်အခဲများရှိနေကြသည်။
” ရွာက ရှာလို့တောင်မရတော့ပါဘူး။အိမ်ယာမြေတွေကိုလည်း ဘယ်နေရာက ကိုယ့်အိမ်လဲဆိုတာတောင် မှန်းမရတဲ့အနေအထားပါ။မြေကလည်း တစ်တောင်လောက်အထိ နိမ့်ဆင်းသွားတယ်။တရွာလုံး ဆားငံရည်တွေဖုံးပြီး ဟင်းလင်းပြင်ဖြစ်ကျန်ခဲ့တယ်။အခု နေမဲ့နေရာလည်းမရှိသလို စားရေးသောက်ရေးကလည်း အလှူရှင်တွေလှူလာတာလေးတွေကို ဝေမျှပြီးစားနေရတာပါ” ဟု သဲခုံကျေးရွာ အုပ်ချုပ်ရေးမှူးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သဲခုံကျေးရွာသည် ၂၀၂၂ခုနှစ်ကလည်း လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရွာထဲသို့ ဆားငံရည်များဝင်ရောက်ကာ သောက်သုံးရေမသန့်ရှင်းသည့်အတွက် အရေပြားယားယံမှုဝေဒနာကို ရွာလုံးကျွတ်နီးပါးခံစားနေခဲ့ရသည့်ကျေးရွာတစ်ရွာလည်းဖြစ်သည်။
သို့သော်လည်း အစိုးရတာဝန်ရှိသူများက ရေသန့်ရှင်းရေးနှင့်ပတ်သက်၍ တစုံတရာလာရောက်လုပ်ဆောင်ပေးခြင်းမရှိခဲ့သလို အရေပြားရောဂါဖြစ်နေသူများကိုလည်း ကျန်းမာရေးစောင့်ရှောက်ပေးမှုများ မပြုလုပ်ပေးခဲ့ပေ။
ထိုသို့ အစိုးရ၏ လျစ်လျူရှုမှုကိုခံခဲ့ရသည့် သဲခုံကျေးရွာသားများမှာ လက်ရှိတွင် မုန်တိုင်းကြောင့် တစ်ရွာလုံးပျက်စီးသွားခဲ့သည့်အတွက် ကူရာမဲ့အနေအထားဖြစ်နေကြသည်ဟု ရွာသားများက ဆိုသည်။
” အစိုးရကို မီဒီယာကနေ ဘယ်လောက်ပဲတောင်းဆိုခဲ့၊တောင်းဆိုခဲ့ ရေမသန့်ရှင်းတဲ့ပြသာနာလေးကိုတောင် လာရောက်ကြည့်ရှုပေးခဲ့တာမျိုးမရှိလို့ အရေပြားရောဂါကိုအချိန်အကြာကြီး ခံစားနေခဲ့ရတာ။အခုတရွာလုံးပျက်စီးသွားတဲ့အနေအထားမှာဆို ပိုပြီးမမျှော်လင့်ရဲတော့ဘူး။လက်ရှိအချိန်ထိလည်း အစိုးရဆီက ဘာမှမရဖူးသေးဘူး။ပရဟိတသမားတွေက နိုင်သလောက်လာလှူကြတဲ့ရိက္ခာလေးတွေနဲ့ စားနေတာ။အစိုးရ ကျမတို့အနေနဲ့တောင်းဆိုရမယ်ဆိုရင် အရင်တုန်းက လျစ်လျူရှုပြီးနေနိုင်ခဲ့ရင်လည်း အခုလိုအနေအထားမျိုးမှာတော့ အတတ်နိုင်ဆုံး ပြန်တည်ဆောက်ဖို့ကူညီပေးစေချင်ပါတယ်” ဟုသဲခုံရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် သဲခုံကျေးရွာသားများမှာ မုန်တိုင်းကြောင့် ဟင်းလင်းပြင်ကြီးအဖြစ်ကျန်ရှိနေခဲ့သည့် မြေနေရာများပေါ်တွင် တာပေါ်လင်စအဟောင်းများဖြင့် ယာယီတဲထိုးကာ နေထိုင်လျှက်ရှိသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ပေါက်တောမြို့နယ်အပါအဝင် ရခိုင်မြောက်ပိုင်းကမြို့နယ်များတွင်နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ဒေသခံအချို့လည်းသေဆုံးခဲ့ရသည်။
ရခိုင်တွင်မုန်တိုင်းသေဆုံးသူ စုစုပေါင်း ၁၄၅ ဦးရှိပြီး ယင်းထဲတွင်ရခိုင်တိုင်းရင်းသား ၂၄ ဦး၊ မွတ်ဆလင် ၁၁၇ ဦး၊ စစ်ကောင်စီတပ်သား ၄ ဦး ပါဝင်ကြောင်း စစ်ကောင်စီက မေ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် ရခိုင်တပြည်လုံးတွင် လေဘေး၊ ရေဘေးသင့်သူ( ၁၁၅၆,၇၉၆) ဦးရှိပြီး ပျက်စီးဆုံးရှံးမှုတန်ဖိုးမှာ ကျပ်သိန်း (၄၆,၉၈၆ )အထိရှိကြောင်း ပြည်နယ်စစ်ကောင်စီကထုတ်ပြန်ထားသည်။
#ပေါက်တော #သဲခုံရွာ #ရွာလုံးကျွတ်ပျက်စီ
#စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေ #Ayeyarwaddy_Time