နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၂၀ ရက်
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အနေဖြင့် ၎င်းတို့ဖမ်းဆီး ကြိုးချည်၍ မီးမြှိုက်ခဲ့သည့် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ ဖောင်းဆိုင်ရွာသူကြီး ဦးဝါလအပါအဝင် မတရား ဖမ်းဆီး ခြင်းခံနေရသည့် ပြည်သူများကို ချက်ချင်းလွှတ်ပေးရန်နှင့် ဆက်လက်ကျူးလွန် နေမည်ဆိုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို တာဝန်ယူရမည်ဖြစ်ကြောင်း ပြည်တွင်း ပြည်ပနေ တိုင်းရင်းသားကွန်ရက်များနှင့် အရပ်ဘက်အဖွဲအစည်း ၃၀ က ထုတ်ပြန် တောင်းဆိုသည်။
ဖောင်းဆိုင်ရွာသူကြီး ဦးဝါလကို ကြိုးချည်၍ မီးမြှိုက်နေသော ရုပ်သံဖိုင်တစ်ခု ပြီးခဲ့သည့် မေလ ၉ ရက်က လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်ပျံ့နှံ့ခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က စာထုတ်၍ ဝန်ခံခဲ့သည်ဟု ပြည်တွင်းပြည်ပနေ တိုင်းရင်းသားကွန်ရက်များနှင့် အရပ်ဘက်အဖွဲအစည်း ၃၀ ဖွဲ့၏ မေလ ၁၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
SSPP ၏ မေလ ၁၀ ရက်က စာထုတ်ဝန်ခံချက်တွင် စစ်ဆေးခံရသူမှာ အသက် ရှင်လျက်ရှိပြီး တောင်းပန်ကြောင်းနှင့် ၎င်းတို့၏ စစ်ဥပဒေ၊ စစ်သုံ့ပန်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု လည်း ဆိုသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)အနေဖြင့် ပြည်သူများအပေါ် လက်နက်အားကိုး၍ တရားမဲ့လုပ်ရပ်များ အကြိမ်ကြိမ်ကျူးလွန်ခဲ့သည်မှာ နှစ်ရှည်လများ ကြာခဲ့ပြီဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရသူများလည်း မနည်းတော့သလို နောက်ဆုံးလူကို မီးကင်ပြသည့်အထိ ဖြစ်လာခဲ့ကြောင်း ပြည်ပရောက် သျှမ်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူများ ကွန်ရက်၏ ပြောခွင့်ရပုဂ္ဂိုလ် နန်းမောက်ဟွမ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“ဒီလိုလုပ်ရပ်တွေ ဆက်လက်မလုပ်ဖို့၊ ရပ်တန်းကရပ်ဖို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်းစုံက သဘောထားထုတ်ပြန်ခဲ့ကြပါတယ်။ သဘောထားထုတ်ပြန် ထားချက်အပေါ် လျစ်လျူရှုပြီး အခုလိုဆက်လက် ကျူးလွန်နေ မယ်ဆိုရင် ဖြစ်ပေါ်လာမည့် အကျိုးအကြောင်း အဆိုးအကောင်းရလဒ်တွေဟာ ကျုးလွန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ တာဝန်သာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဖောင်းဆိုင်ရွာသူကြီး ဦးဝါလကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သတင်းပေးဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပြီး ထိုအရာမှာ မှန်ကန်မှုမရှိသလို SSPP ၏ စိတ်ထင်တိုင်း ကျူးလွန် လုပ်ဆောင်မှုသည် အကြိမ်မရေတွက်နိုင်ကြောင်းနှင့် အလားတူ နှိပ်စက်ညှင်းပန်းသည့် လုပ်ရပ်မျိုးသက်သေ ရုပ်သံရှိသေးကြောင်း ပြည်ပရောက် သျှမ်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူများကွန်ရက်ထံက သိရသည်။
ယင်းအပြင် SSPP အနေဖြင့် နစ်နာခဲ့သော ပြည်သူများ သတ်ဖြတ်ခြင်းခံခဲ့ရသော ပုဂ္ဂိုလ်များ၏ မိသားစုများအတွက် တာဝန်ယူပေးရန်၊ လက်နက်ကိုင်အဖွဲအစည်းများ သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာလူသားချင်း စာနာထောက်ထားမှုဥပဒေကို အပြည့်အ၀လိုက်နာရန်နှင့် ဆက်လက် မချိုးဖောက်ရန် အဆိုပါအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုခဲ့သည်။
“အရင်က SSPP လုပ်ရပ်အပေါ် ကန့်ကွက်တားမြစ်တဲ့ သဘောထားတွေ အကြိမ်ကြိမ် ထုတ်ပြန်ဖြစ်ခဲ့တာ သျှမ်းအရပ်ဖက်အဖွဲ့အစည်းများသာ ဖြစ်ခဲ့ပါတယ်။ ဒီတကြိမ် သဘောထားထုတ်ပြန်တဲ့ စုပေါင်းအဖွဲ့အစည်းများဟာ သျှမ်းလူမှုအဖွဲ့အစည်း သီးသန့် မဟုတ်တော့ဘဲ သျှမ်းပြည်တွင်းက သျှမ်းမဟုတ်တဲ့ တခြားတိုင်းရင်းသားလူမှု အဖွဲ့အစည်းတွေပါ ပါဝင်လာခဲ့ကြပါတယ်။ အခုလို သဘောထား ထုတ်ပြန်ပြီး တဲ့နောက်မှာ ဖြစ်ပေါ်လာမယ့် ရလဒ်ကို အချိန်အတိုင်းအတာတခုအတွင်း ဆက်လက်စောင့်ကြည့်နေပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ် နန်းမောက်ဟွမ်က ပြောသည်။
အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ ဧရာဝတီတိုင်းမ် သတင်းဌာနက မေးမြန်းအတည်ပြုနိုင်ရန် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ပြောခွင့်ရပုဂ္ဂိုလ်များကို ဆက်သွယ်ခဲ့သော်လည်း ယနေ့(မေလ ၂၀ ရက်)၊ နေ့လည် ၂ နာရီအထိ ဆက်သွယ်၍မရခဲ့ပေ။
ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲအစည်းများသည် ပဋိပက္ခဖြစ်ပွားရာ ကျေးရွာများမှ ဒေသခံပြည်သူများအား မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်းတိုကို လုပ်ဆောင်ခဲ့သည့် အပြင် ကျေးရွာမှ သွားလာခွင့် ထိန်းချုပ်ကန့်သတ်ခြင်း၊ သတင်းမထွက်စေရန် ဖိအားပေး ခြိမ်းခြောက်ခြင်း စသည့်နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်လျက်ရှိကြောင်း အရပ်ဘက်အဖွဲ့အစည်း များ၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
ထို့အပြင် လူ့ဂုဏ်သိက္ခာမဲ့ ဆက်ဆံခြင်း၊ စစ်ဆေးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် သတ်ဖြတ်ခြင်း အစရှိသည်တို့ကို စစ်ရေးစစ်ဆင်ရေးအပါအဝင် မည်သည့် အခြေနေမျိုးတွင်မဆို ကျူးလွန်ဆောင်ရွက်ခွင့် မရှိသလို ယင်းလုပ် ရပ်များသည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေနှင့် အခြေခံလူ့အခွင့်အရေး ဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပုံစာ – SSPP တပ်ဖွဲဝင်များ (ဓာတ်ပုံ-SSPP)
#SSPP #ဖမ်းဆီး #ကြိုးချည်မီးမြှိုက် #ရွာလူကြီး #လွှတ်ပေးရန် #အရပ်ဘက်အဖွဲ့အစည်းများ #တောင်းဆို #Ayeyarwaddy_Times