နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မအူပင်)/မေလ ၂၀ ရက်

ဧရာဝတီတိုင်း မအူပင်မြို့နယ်အတွင်းတွင် ဆိုင်ကယ် ခိုးမှုများ၊ လုယက်မှုများနှင့် ဖောက်ထွင်းခိုးယူမှုများ အပါအဝင် လူသတ်မှုများ ဖြစ်ပွားနေပြီး ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း ဧရာဝတီတိုင်းမ်သို့ သတင်းပေးပို့လာကြသည်။

၂၀၂၂ခုနှစ်အတွင်းကလည်း NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်များမီးရှို့ခံရမှုများ ဖြစ်ပွားခဲ့သေးသည်။

” စည်ပင်ဝန်ထမ်းဟောင်းအိမ်ထဲဝင်ပြီးရွှေငွေနဲ့တန်ဖိုးရှိပစ္စည်းတွေခိုးခံရတာရယ် အမှတ် (၉)ရပ်ကွက်ထဲမှာဧည့်စာရင်းဝင်စစ်ဆေးတယ်ဆိုပြီး အိမ်ပိုင်ကို သေနတ်နဲ့ ပစ်တာ ဖြစ်ခဲ့တယ်။ အခုထိ ကျူးလွန်သူတွေကို မမိသေးဘူး။ ပြီးခဲ့တဲ့ မေလ ၁၈ရက်နေ့ညကလည်း ရွှေတောင်ပေါ်ကျေးရွာအုပ်စု နေပဆေးကျေးရွာမှာ လူသတ်မှု ဖြစ်သေးတယ်။ အဲဒါလည်း တရားခံမမိသေးဘူး” ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မေလ ၁၈ ရက်ညက နေပဆေးကျေးရွာသား ကိုစံရွှေမြင့်ဆိုသူ အသတ်ခံခဲ့ရခြင်းဖြစ်ကာ စစ်တပ်ထောက်ခံသူများက တရားမဝင် သေနတ်ကိုင်ဆောင်မှုများ ရှိသည့်အတွက် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်ဟု ၄င်းက ဆိုသည်။

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ခိုးမှု လုယက်မှု ဖောက်ထွင်းမှုများ မကြာခဏ ဖြစ်ပေါ်နေပြီးအဆိုပါ ပြစ်မှုကျူးလွန်သူများကိုလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း နည်းသည့်အတွက် တရားဥပဒေ စိုးမိုးမှု နည်းပါးနေကြောင်း ဒေသခံများက ပြောကြသည်။

#မအူပင် #ခိုးဆိုးလုယက်မှုများနှင့်လူသတ်မှုများ #ဖြစ်ပွါးနေသော်လည်း #ကျူးလွန်သူများကိုဖမ်းဆီးနိုင်ခြင်းမရှိ
#Ayeyarwaddy_Times