ဧရာဝတီတိုင်းမ်
(မတူပီ)၊ မေ ၂၀ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များအတွက် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများပေးအပ်မည်ဟု စစ်ကောင်စီက ခေါင်းစဉ် တပ်ကာ မေလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင် အခမ်းအနားပြုလုပ်ပြင်ဆင် နေစဉ် လေပြင်းတိုက်ခတ်မှုကြောင့် အစီအစဉ်ပျက်သွားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါအခမ်းအနားကို ဝေလုံးခေါ် မတူပီမြို့၊ စစ်ဗျူဟာကုန်းနှင့် ခလ(၁၄၀) တပ်ရင်းအကြားရှိ ခန်းမဆောင်တွင်ကျင်းပရန် စစ်ကောင်စီက စီစဉ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး မုန်တိုင်းသင့်ပြည်သူများကို တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်း ပေးအပ်ခဲ့ကြောင်းစစ်ကောင်စီ၏ ဝါဒဖြန့်သတင်းဌာနတွင် ရေးသားဖော်ပြထားသော် လည်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းမရှိကြောင်း သိရသည်။
“မတူပီမြို့နဲ့ လိုင်လင်းပီမြို့အတွက် စစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူတွေကို လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့မယ်လို့ ပြောတာပဲ။ မိုးအုံ့ပြီး လေပြင်းတွေ တိုက်လာတဲ့အတွက် အခမ်းအနားတက်ရောက်သူတွေ အကုန်ထွက်ပြေးကုန်တယ်။ ထောက်ပံ့ပစ္စည်းတွေ မပေးအပ်ဘဲ အစီအစဉ်ပျက်သွားပါတယ်။ သူတို့ကတော့ ထောက်ပံ့ပစ္စည်းတွေ ပေးအပ်တဲ့ပုံစံနဲ့ ဓာတ်ပုံတွေ ရိုက်သွားတယ်” ဟု မတူပီမြို့ရှိ အသက် ၅၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ အခမ်းအနားသို့ စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ စစ်ကောင်စီတပ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ စစ်ကောင်စီခန့် မတူပီမြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်ငြိမ်း၊ စစ်ကောင်စီ တပ်မှ အခြေချ စစ်ဗျူဟာအဖွဲ့ (မတူပီ) အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းဇော်ထွန်း၊ စစ်ကောင်စီလက်အောက်ခံ မတူပီမြို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ လူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့များ နှင့် လေဘေးသင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Photo-သလ္လာရွှေမြေ
ပုံစာ- စစ်ကောင်စီက မုန်တိုင်းသင့်ပြည်သူများကို ထောက်ပံ့ပစ္စည်းပေးအပ်မည့် အခမ်းအနားကျင်းပရန် ပြင်ဆင်ထားစဉ်
#မတူပီ #စစ်ကောင်စီ #မုန်တိုင်းသင့်ပြည်သူ #ထောက်ပံ့ပစ္စည်း #လေပြင်းတိုက်ခတ် #အစီအစဉ်ပျက်