ဧရာဝတီတိုင်းမ်
မေလ ၂၀ ရက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နှင့် မင်းပြားမြို့တို့တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရေကန်များအတွင်းသို့ ဆားငံရည်များဝင်ရောက်ခြင်း၊ ရေနှောက်ခြင်းတို့ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် သောက်သုံးရေအတွက် အခက်အခဲများစွာကြုံတွေ့နေရကြောင်း ဒေသခံ များထံက သိရသည်။

မိုခါမုန်တိုင်းကြောင့် မြောက်ဦးမြို့ခံများ သုံးစွဲနေသည့် လက်ဆည်ကန်မှာ ရွှံရည်များကဲ့ သို့ဖြစ်ပေါ်နေပြီး မြောက်ဦးမြို့နယ်ရှိ ကျေးရွာများမှသောက်သုံးရေ ဆားငံရည်များ ဝင်ရောက်သွားခဲ့ သည်ဟုမြောက်ဦး ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

” မြို့ပေါ်မှာရော နယ်တွေမှာရော သောက်သုံးရေအခက်အခဲရှိနေပါတယ်။ မြောက်ဦး တစ်မြို့လုံး ကန်များမှာလည်းအသုံးပြုနေတဲ့လက်ဆည်ကန်ကရေလည်း အဆင်မပြေတော့ဘူး။ ဝယ်သောက်နေရတယ်။ ကျေးရွာတွေမှာလည်း ဆားငံရည်တွေဝင်သွားလို့ သောက်မရ တော့ဘူး။ နယ်ကလူတွေအနေနဲ့ ရေဝယ်သောက်ဖို့ကလည်း အခုလိုကာလမျိုးမှာ အရမ်းကိုခက်ခဲစေပါတယ်။ မုန်တိုင်းကြောင့် ဆုံးရှုံးထား ရတဲ့သူ တွေချည်းပဲ ” ဟု ပရဟိတလုပ်ငန်းများလုပ်ဆောင်ပေးနေသည့် မြောက်ဦးမြို့ခံ ကိုခိုင်မင်းသျှင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုအတူ ယခင်ကတည်းက ရေရှားပါးမှုပြသာနာကို ကြုံတွေ့ နေရသည့် မင်းပြားမြို့နယ်မှ ဒေသခံများသည်စနေစရာတွေတောင်လည်း လက်ရှိတွင် မုန်တိုင်းကြောင့်ရေကန်များ ပျက်စီးခဲ့၍ ရေပြဿနာကို ဆိုးဆိုးဝါးဝါးရင်ဆိုင်နေကြရသည်။

“မြို့ပေါ်ကလူတွေကတော့ ဝယ်သောက်လို့ရပေမယ့် နယ်ကလူတွေတော့ အဆင် မပြေဘူး။ ရွာတွေမှာကအကုန်လုံး မြေသင်းကန်တွေဆိုတော့ အမှိုက်တွေ ဝင်တာ တစ်မျိုး၊ ရွံ့နှစ်တွေဖြစ်သွားတာက တစ်မျိုးနဲ့လုံးဝကို ပျက်စီးသွားတာ။ မုန်တိုင်း ရှောင်လာတဲ့ ကာလတလျှောက်လုံးမှာ ကျွန်တော်တို့ တို့မြို့ခံတွေအနေနဲ့ လုပ်ပေး နိုင်သလောက် အကောင်းဆုံးကြိုးစားကူညီပေးလိုက်ပါတယ်။ဒါပေမဲ့ အခု ရေပြဿနာ ကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ပါ ကြုံနေရပြီမို့ ဘာမှမလုပ်ပေးနိုင်ဘူး” ဟု မင်းပြားဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် သောက်သုံးရေပြတ်လပ်မှုကြောင့် ရေသန့် တစ်လီတာ ၁ ဘူးလျှင် ငွေကျပ် ၁၂၀၀ ဖြင့် ဝယ်ယူနေရကြောင်း မြောက်ဦးမြို့ပေါ်ရှိ ဒေသခံများထံက သိရသည်။

မင်းပြားမြို့ပေါ်နှင့် မြောက်ဦးမြို့ပေါ်တို့တွင် မုန်တိုင်းရှောင်ရန်ရောက်ရှိနေသည့် ဒေသခံ များမှာ လက်ရှိတွင် မိမိကျေးရွာများသို့ ပြန်လည်ရောက်ရှိသွားကြပြီဖြစ်ပြီး ပျက်စီး သွားသည့် နေအိမ်များအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက တစ်စုံတရာ ကူညီ ထောက်ပံ့ပေးခြင်းမရှိသေးအတွက် မိမိတို့အစီအစဉ်ဖြင့်သာ ပြန်လည်ပြုပြင် နေကြရ ကြောင်း သိရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်မြောက်ပိုင်းတွင် စစ်ဘေးရှောင် စခန်းများ အပါအဝင် လူနေအိမ်အများအပြားပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံအချို့ ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။

ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် လူနေအိမ် ၁၈၃၀၂၄ နှင့်ပြည်သူ ၅၄ ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ပုံစာ- မြောက်ဦးမြို့ပေါ်ရပ်ကွက်တစ်ခုရှိ သောက်ရေကန်အား တွေ့ရစဉ်
#ရခိုင်ပြည်နယ် #မင်းပြားနှင့်မြောက်ဦး #သောက်သုံးရေ #ပြတ်လပ် #Ayeyarwaddy_Times