ဧရာဝတီတိုင်းမ်
မေလ ၂၀ ရက်

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ရှိ သပြေညွန့်ရဲစခန်းကို ယမန်နေ့ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အထူးကွန်မန်ဒိုတပ်ရင်း တောင်ပိုင်းတိုင်း၊ ရိုးမစစ်ကြောင်း (၂) မှ ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ယမန်နေ့ နံနက် ၁၀နာရီခန့်က ပဲခူးတိုင်းနှင့်ကရင်ပြည်နယ်အစပ်ရှိ သပြေညွန့်ရဲစခန်းကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုများရှိသော်လည်း အတိအကျကိုမူ မြေပြင်အခြေအနေ အရ သိရခြင်းမရှိသေးကြောင်း ရိုးမစစ်ကြောင်း(၂) ၏ တာဝန်ရှိသူက ဆိုသည်။

“ထိခိုက်မှုကတော့ စုံစမ်းဆဲပဲရှိသေးတယ်။ ဒီတိုက်ခိုက်မှုမတိုင်ခင်က ညောင်ပင်သာ ရွာထဲကိုဝင်ရောက်လာတဲ့တပ်ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်။ သူတို့က ပြန်မဆုတ်ဘဲ ရွာထဲကတိုက်အိမ်တွေထဲ ပုန်းဝပ်နေကြတယ်။ နောက်နေ့မနက်မှ ဘုမ္မတီး ဘက်ကိုပြန်ထွက်သွားကြတယ်။ ဒဏ်ရာတွေတော့တော်တော်ရသွားတဲ့သဘောရှိတယ်။ ရွာထဲကိုဝင်ကြည့်တော့ မိုင်းနင်းမိတဲ့နေရာမှာသွေးကွက်တွေတွေ့ရတယ်” ဟု ရိုးမစစ်ကြောင်း(၂)မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရိုးမစစ်ကြောင်း(၂) သည် မေလ ၁၈ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာအတွင်း သို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး ထိခိုက်မှုများရှိကြောင်း သိရသည်။

ထို့ပြင် အဆိုပါစစ်ကောင်စီတပ်သားများ စခန်းချနေသည့်နေရာသို့ ၆၀-မမ၊ ၄၀-မမ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ယခုအခါတွင် ယင်းစစ်ကြောင်းသည် ကြို့ပင်ဟာ၊ ဘုမ္မတီးဘက်ရှိ ခလရ(၇၃) တပ်ရင်းဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ရိုးမစစ်ကြောင်း (၂) ထံက သိရသည်။

ဓာတ်ပုံ – အထူးကွန်မန်ဒိုတပ်ရင်း၊တောင်ပိုင်းတိုင်း။

#ကရင်ပြည်နယ် #သံတောင်မြို့နယ် #သပြေညွန့်ရဲစခန်း #ဒရုန်း #စစ်ကောင်စီတပ် #ညောင်ပင်သာ #ရိုးမစစ်ကြောင်း၂ #ဒရုန်း #Ayeyarwaddy_Times