ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ မေလ ၁၉ ရက်
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ တပ်မဟာ ၃ ဒေသအတွင်း စစ်ကောင်စီမှ စစ်ကြောင်းထိုးဝင်ရောက်နေမှုများကြောင့် ဒေသခံ ၈၀၀၀ ဝန်းကျင်မှာ စစ်ဘေးရှောင်တိမ်းနေရပြီး အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီမှစစ်ကြောင်းထိုးမှုများကြောင့် ဒေသခံများမှာ ဇန်နဝါရီလပိုင်းမှစ၍ စစ်ဘေးရှောင်တိမ်းနေရပြီး ယခုအခါ မိုးရွာသွန်းမှုများကြောင့် အမိုးအကာမလုံလောက်မှုများရှိလာကာ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များမှာ ဖျားနာမှုများရှိနေပြီး ဆေးဝါးလိုအပ်ချက်များရှိနေကြောင်း လည်း အကူအညီပေးနေသူများက ပြောသည်။
“စစ်ရှောင်တွေကအခက်အခဲတွေအများကြီးကြုံရတယ်။ ဟိုနေ့ကမိုးရွာလိုက်တာ မိုးရေထဲမှာ ပြေးလွှားလိုက်ရတာ ဗိုက်ကြီးသည်လည်းပါတယ်။ စစ်တပ်ရဲ့ကြားထဲမှာဆိုတော့ ကြားညှပ်မှာရလလည်းစိုးရသေးတယ်။ ကျွန်ဝောာ်တို့ကလည်း တက်နိုင်သလောက် ကူညီပေးတယ်” ဟု ကရင်အမျိုးသားအစည်းရုံးမှ စစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ဘေးရှောင်အများစုမှာ အသိမိတ်ဆွေများနေအိမ်များတွင်လည်းကောင်း၊ စစ်ကြောင်းလွတ်ရာနေရပ်များတွင် ယာယီတဲများထိုး၍လည်းကောင်း နေထိုင်နေကြရပြီး အမိုးအကာများလုံလောက်မှုမရှိကာ အဝတ်အထည်၊ စားနပ်ရိက္ခာများလည်း လိုအပ်ချက်များရှိနေကြောင်း သိရသည်။
“စစ်ရှောင်တွေက အခုချိန်ထိနေရပ်မပြန်နိုင်ကြသေးဘူး။ သူတို့နေရာဒေသတွေမဟုတ်ပဲ စစ်ဘေးရှောင်လာရဝော့ာ အမျိုးမျိုးလိုအပ်ချက်တွေရှိတာပေါ့။ အခက်အခဲတွေကြုံနေရတယ်။ အဲ့တာကြောင့် သူတို့သားသမီးတွေကို လုံခြုံတဲ့နေရာမှာထားပြီး သူတို့ကျနေရပ်ကို ပြန်ပြီးလုပ်ကိုင်စားသောက်ချင်တဲ့ သဘောမျိုးတော့ရှိပါတယ်။ နေရပ်ကိုပြန်ဖို့ကတော့ မလွယ်ပါဘူး” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောသည်။
စစ်ဘေးရှောင်များအား ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ စားနပ်ရိက္ခာ၊ ကျန်းမာရေးလိုအပ်ချက်များ၊ ဆေးဝါးများ၊ လုံခြုံရေးများ ကိုတက်နိုင်သမျှအကူအညီပေးမှုများရှိနေသော်လည်း လိုအပ်မှုများရှိနေသေးကြောင်းလည်း သိရသည်။
စစ်ကောင်စီမှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများအပါအဝင် စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ညောင်ပင်သာရွာ၊ ရခိုင်တောင်ရွာ၊ နောင်ချိုရွာ၊ မဲပလံရွာ၊ ဇီးကုန်းရွာ၊ ယောသဝရွာ၊ တောပုရွာ စသည့်ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင်တိမ်းနေကြကြောင်းသိရသည်။
ထို့အပြင် စစ်ကောင်စီသည် မေလ ၁၄ ရက်နေ့ကမုန်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောင်လာပြီး KNLA တပ်ရင်း ၈ နှင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးေနာက် ကျေးရွာများအတွင်းထိုးစစ်ဆင်ဝင်ရောက်လာမှုများကြောင့် ကျေးရွာ ၈ ရွာမှ ဒေသခံ ၈၀၀၀ ဝန်းကျင်မှာ စစ်ရှောင်နေရကြောင်းလည်း ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ထုတ်ပြန်ထားပါသည်။
ဓာတ်ပုံ – KNU။
#ကျောက်ကြီး #စစ်ဘေးရှောင် #စစ်ကြောင်းထိုး #Ayeyarwaddy_Times