နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁၉ ရက်
ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြုလုပ်နိုင်ရေးအတွက် နှစ်ဖက်စလုံး အဆင်ပြေပြေသွားနိုင်သောအနေအထား ရှိရေး အာဏာသိမ်း စစ်ကောင်စီနှင့် ဆက်လက်ညှိနှိုင်း ဆွေးနွေးရဦးမည်ဟု အပစ်ရပ် ၇ ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့သည် ထိပ်သီးခေါင်းဆောင် အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မေလ ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်တာ မျက်နှာစုံညီ ကျင်းပခဲ့ပြီး စစ်ကောင်စီနှင့် အလွတ်သဘော တွေ့ဆုံစဉ်က မှတ်တမ်းတင်ထားသည့် အချက်အလက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုနှစ်ရက်တာ အစည်းအဝေးတွင် လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရန် လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု အပစ်ရပ် ၇ ဖွဲ့က ထုတ် ပြန်ထားသည်။
“ကျွန်တော်တို့ ဆက်လက်ပြီးတော့ ညှိနှိုင်းဆွေးနွေးရမယ့် Process တွေကလည်း ရှိသေးတဲ့အတွက်ကြောင့်မို့လို့ ဒီအချိန်မှာကတော့ ကျွန်တော်တို့ဘက် တစ်ဖက်ရဲ့ ယူဆချက်အပေါ်မှာပဲ ပြောတာဆိုတာဆိုရင်တော့ မပြည့်စုံဘူးလေ။ ဒါနှစ်ဖက်စလုံးနဲ့ ညှိနှိုင်းလို့ နှစ်ဖက်စလုံးအတွက် အဆင်ပြေတဲ့ အခင်းအချင်းကို ကျွန်တော်တို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်သေးတဲ့အပေါ်မှာ ဒီအချိန်မှာတော့ ပြောဖို့ဆိုဖို့က နည်းနည်းစော ပါသေးတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
ထိုကဲ့သို့ နည်းလမ်းများ ရှာဖွေရာတွင် အဓိကအားဖြင့် ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရေး၊ နိုင်ငံရေးဆွေးနွေးပွဲများသည် အမျိုးသားရေးလုပ်ငန်းစဉ်နှင့် ပူးပေါင်းဆောင် ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များတွင် နိုင်ငံတကာ၏ အခန်းကဏ္ဉနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လိုလား သည့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူများပေါ်တွင် ခိုင်မာစွာ ရပ်တည်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)သည် နေပြည်တော်တွင် NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် ၇ ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့နှင့် ပြီးခဲ့သည့် မတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ နှစ်ရက်တာ ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံခဲ့သည်။
ထိုသို့ နှစ်ရက်တာ တွေ့ဆုံမှုတွင် စစ်ကောင်စီ၏ NSPNC ဘက်က အချက် လေးချက်ဖြစ်သည့် ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စတို့ကို တင်ပြဆွေးနွေးခဲ့သည်။
အလားတူ အပစ်ရပ် ၇ ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဘက်မှလည်း အချက် ငါး ချက်ဖြစ်သည့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် အဆင့်ဆင့်ဆိုင်ရာကိစ္စ၊ ဖက်ဒရယ်အခြေခံမူများကိစ္စ၊ အရပ်သားများ ကာကွယ်ပေးရေးဆိုင်ရာကိစ္စနှင့် နှစ်ဖက်ဘုံသဘောတူညီချက်များ ရရှိနိုင်ရေးကိစ္စတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ရလာဒ်အနေနဲ့ကတော့ ကျွန်တော်တို့ အလွတ်သဘောမှာရရှိခဲ့တဲ့ အချက်အလက်တွေပေါ်မှာ ညှိနှိုင်းဆွေးနွေးတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဓိကကတော့ ခေါင်းစဉ်ကြီး ၉ ခုထဲမှာပဲ ကျွန်တော်တို့တွေ အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့တယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။
စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အဆိုပါ အပစ်ရပ် ၇ ဖွဲ့မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ဖြစ်သည်။
လက်ရှိတွင် မွန်ပြည်သစ်ပါတီ (NMSP)သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင်အဖြစ်ကနေ မေလ ၈ ရက်နေ့က နုတ်ထွက်ထားသည်။
ဓာတ်ပုံ – NCA-S EAO