ဧရာဝတီတိုင်းမ်
မေလ ၁၉ ရက်

မေလ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ် သုံး မြို့နယ်မှ စစ်ဘေး ရှောင်နေအိမ် ၁,၀၅၆ လုံးအထိပျက်စီးမှုရှိခဲ့သော်လည်း စစ်ကောင်စီနှင့် သက်ဆိုင်ရာ အာဏာပိုင်များက ယခုအချိန်ထိ လာရောက်ကြည့်ရှုခြင်း မရှိသေးကြောင်း စစ်ဘေးရှောင်များထံက သိရသည်။

ဧရာဝတီတိုင်းမ်က ကောက်ယူရရှိထားသည့် စာရင်းများအရ မြောက်ဦးမြို့ပေါ်ရှိ မြို့ဥခေါင်းစစ်ဘေးရှောင်စခန်းတွင် နေအိမ် ၁၆၀ လုံး၊ လက်ကောက်ဈေး စစ်ဘေး ရှောင်စခန်းတွင် ၉၅ လုံး၊ ကျောက်တော်မြို့ပေါ်ရှိ မီးရထားနားဘူတာ စစ်ဘေးရှောင်စခန်း တွင် ၇၀ လုံး၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင် ၈၈ လုံး၊ မဟာကံကြီးသျှင် စစ်ရှောင် စခန်း တွင် ၄၈ လုံး၊ နီပူခံစစ်ဘေးရှောင်စခန်းတွင် ၃၀၀လုံး ၊ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ၉၅ လုံးနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကဏန်းတောင်စစ်ဘေးရှောင်စခန်းတွင် ၂၀၀ နီးပါးအထိရှိကြောင်း သိရသည်။

ထိုသို့ပျက်စီးသွားသည့် စစ်ဘေးရှောင်စခန်းများအနက် မြောက်ဦးမြို့ပေါ်က မြို့ဥခေါင်း စစ်ဘေးရှောင်စခန်းမှ နေအိမ် ၂၅ လုံးသာ ICRC က ထောက်ပံ့သည့် တာပေါ်လင်စ အပါအဝင် ပစ္စည်းကိုးမျိုး အထောက်အပံ့ရရှိပြီး တခြား စစ်ဘေးရှောင်စခန်းများမှာ လက်ရှိအချိန်ထိ ကူညီထောက်ပံ့မှု လုံးဝ မရရှိသေးကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံများ၏ ပြောကြားချက်အရ သိရသည်။

” အိမ် ၂၅ ဆောင်အတွက်ပဲ ထောက်ပံ့သွားတယ် ။ ကျန်တဲ့ အိမ် ၁၀၀ ကျော်အတွက် ဘာမှမရဘူး။ အခု တာပေါ် လင်စအဟောင်းတွေနဲ့ပဲ အဆင်ပြေသလို ပြန်မိုးကာပြီး ဖြစ် သလို နေနေရတယ်။ နေပူရင်တော့ပြဿနာမရှိဘူး။ အခုကညနေပိုင်းဆို မိုတအား ရွာတော့ မအိပ်ဘဲထိုင်နေရင်း မိုးလင်းသွားတဲ့ရက်တွေရှိတယ်။ ပြန်လည်ပြုပြင်ဖို့ အတွက် အာဏာပိုင်ဆီကရော အဖွဲ့အစည်းတွေဆီကရော ဘာတစ်ခုမှ မရသေးပါဘူး။ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ပြုပြင်ဖို့ကလည်း ငွေကြေးမတတ်နိုင်ဘူး ” ဟု မြို့ဥခေါင်းစစ်ဘေးရှောင်စခန်းတာဝန်ခံက ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်များအားလာရောက် ကူညီထောက်ပံ့ပေးမည့်သူမရှိကြသလို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)ထံမှလည်း ထောက်ပံ့မှုမရှိကြသေးသဖြင့် စားဝတ် နေရေးနှင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင်များ ထံက သိရသည်။

“ဒီလဆို WFP ကလည်းမပေးသေးတော့ စားဖို့သောက်ဖို့က အရမ်းကို ကျပ်တည်းတယ်။ သောက်ရေကအစ ဝယ်သောက်နေရတယ်။ မြို့ပေါ်မှာလည်း မုန်တိုင်းကြောင့် အလုပ် တွေရှားတော့ လမ်းပေါ်ကအပင်တွေရှင်းတာတို့၊ အမှိုက်ရှင်းတာတို့ အဲ့လိုကျပန်း အလုပ်လုပ်ပြီးစားနေရတယ်။ တချို့မိသားစုတွေဆို တနေ့ကို ထမင်းတနပ်ပဲ စားပြီး နေကြတဲ့သူတွေရှိပါတယ်။ မုန်တိုင်းပြီးတာလည်း တပတ်လောက်ရှိနေပြီ။ ဒါပေမယ့် သက်ဆိုင်ရာက ကျွန်တော်တို့စစ်ဘေးရှောင်တွေကို အခုချိန်ထိ ပစ်ပယ်ထားတယ်။ မိုးရာသီလည်းရောက်လာပြီဆိုတော့ အဆောင်တွေကို အမြန်ဆုံး ပြန်ဆောက် ပေးဖို့တောင်းဆိုချင်ပါတယ်” ဟု ကဝိရတနာစစ်ဘေးရှောင်စခန်းတာဝန်ခံက ပြောသည်။

ထို့အပြင် မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း နီပူခံစစ်ဘေးရှောင်စခန်းနှင့် လက်ကောက် ဈေး စစ်ဘေးရှောင်စခန်း နှစ်ခုသာလျှင် ကျန်းမာရေး စောင့်ရှောက်မှုများရရှိပြီး အခြားစစ်ဘေးရှောင်စခန်းအများစုမှာ ကျန်းမာရေးနှင့်ပတ်သက်၍ဆေးဝါး ဝယ်ယူ မသုံးစွဲနိုင်ခြင်း၊ ဆေးရုံ၊ ဆေးခန်းများသို့ မသွားရောက်နိုင်ခြင်းစသည့် အခက်အခဲ များရှိနေကြသည်။

“မုန်တိုင်းတိုက်ပြီးနောက်ပိုင်း ကျန်းမာရေးဌာနကလူတွေမရောက်ကြတော့ဘူး။ အခု ရက်ပိုင်းက မိုးတွေတအားရွာတယ်။ နေရာထိုင်ခင်းတွေကလည်း မိုးမလုံတော့ အအေးမိပြီး ဖျားနာတာတွေရှိလာတယ်။ ဆေးခန်းသွားပြဖို့ကလည်း ငွေကြေးမရှိတော့ အနီးအနားဈေးဆိုင်တွေက ဆေးတွေဝယ်ပြီးသောက်နေရတယ်။ အခက်အခဲတွေ ကတော့ အကုန်လုံးနီးပါးပဲ။ အဆင်ပြေတာဘာမှမရှိဘူး” ဟု မီးရထားဘူတာ စစ်ဘေး ရှောင်စခန်းမှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးကဆိုသည်။

စစ်ဘေးရှောင်စခန်းများက ပျက်စီးသွားသည့် နေအိမ်များစာရင်းကို သက်ဆိုင်ရာ အာဏာပိုင်များက လာရောက်ကောက်ယူမှုမရှိသေးသည့်အတွက် စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက အပျက်စီးစာရင်းများကို ကောက်ယူကာ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြတောင်းဆိုသွားမည်ဟုလည်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိကအဆောက်အဦး ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ ခု၊ ထရန်စဖော်မာ ငါး ခု၊ ဈေးတစ်ခု၊ လေဆိပ် နှစ် ခု၊ ဌာနဆိုင်ရာ အဆောက်အဦး ၃၄၀ လုံးပျက်စီးခဲ့ပြီး ဒေသခံသေဆုံးသူ ၅၄ ဦးရှိကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။
ပုံစာ- မုန်တိုင်းဝင်ရောက်ပြီး မြင်တွေ့ရသည့် ရခိုင်ပြည်နယ်မြောင်ပိုင်းရှိ စစ်ရှောင်စခန်းအချို့ မြင်ကွင်း
#ရခိုင်မြောက်ပိုင်း #စစ်ရှောင်စခန်း #မိုခါမုန်တိုင်း #မြို့နယ်၃ခု #စစ်ဘေးရှောင်နေအိမ် #စစ်ကောင်စီ #ကြည့်ရှုမှုမရှိ #Ayeyarwaddy_Times