ဧရာဝတီတိုင်းမ်
(ကနီ)၊ မေလ ၁၉ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်သို့ မိုခါမုန်တိုင်းကာလ အတွင်းစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ မေလ ၁၁ ရက်နေ့မှ မေလ ၁၇ ရက်နေ့အထိ ၇ ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆၀ ဦးဝန်းကျင်ထိခိုက်သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး PDF ထံမှသိရသည်။
ယင်းမာပင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၂၀၀ ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းအား နဘူးတောကျေးရွာအနီးတွင် မေလ ၁၁ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်ကြောင်းလာရာ ကနီနှင့်ယင်းမာပင်မြို့နယ်စပ်ဒေသတစ်လျှောက်တွင် ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကြောင်းထိုးတာက ပထမဆုံးစစ်ကြောင်း ၂ ကြောင်းနဲ့ထိုးတာ။ နောက်ဝော့ာ စစ်ကူတွေနဲ့ပါပေါင်းပြီး စစ်ကြောင်းတစ်ကြောင်းထဲဖြစ်သွားတာ။ အခုထိလဲစစ်ကြောင်းထိုးနေတုန်းပဲ။ ချောင်းမရွာအနီးမှာ ရှိနေတယ်။ သေဆုံးသွားတဲ့ တပ်သားအလောင်းတစ်ချို့ကို မင်းမကျေးရွာ ဘုန်းကြီးကျောင်းထဲနဲ့ ပြည်သူ့နေအိမ်ထဲ အလောင်းေတွထည့်ပြီး မီးရှို့ခဲ့တယ်” ဟု ကျောက်လုံးကြီး KLG-PDF ပြန်ကြားရေးတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၇ ရက်တာအတွင်း ကနီမြို့နယ်နှင့်ယင်းမာပင်မြို့နယ်များတွင် စစ်ကောင်စီတပ်များနှင့် ၈ ကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မေလ ၁၄ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် ကနီမြို့နယ်မင်းမရွာနှင့် ချောင်းမရွာများသို့ တိုက်လေယာဉ်ဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းတစ်ကျောင်းအပါအဝင် နေအိမ် ၃ လုံးပျက်စီးခဲ့ရပြီး ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦးသေဆုံးခဲ့ရပြီး ၈ ဦးအထိဒဏ်ရာရခဲ့ကြောင်း KLG PDFထံမှ သိရသည်။
စစ်ကောင်စီမှ စစ်ကြောင်းထိုးမှုကြောင့် တွင်းရွာ၊လယ်ရှည်ရွာ၊ ချောင်းမရွာ၊ သင့်ဝင်ရွာ၊ မင်းမရွာ၊ သမင်ခြံရွာ၊ မုဋ္ဌောရွာ၊ ငါးဖျက်ရွာ၊ ပန်းဆိုင်းရွာ၊ တဇယ်ချောင်ရွာ၊ ညောင်ပင်ဝန်းရွာ၊ ယကန်းတိုင်ရွာ၊ကျွဲသောက်ကန်ရွာ၊ ဝါးတန်းရွာ များမှ ဒေသခံ ၁၅၀၀၀ ဝန်းကျင်စစ်ဘေးရှောင်နေရကြောင်းလည်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများအား KLG PDF၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး၊ နဂါးညီနောင်တပ်ဖွဲ့၊ ယင်းမာပင်PDA၊ MPDF ကနီတပ်ခွဲ၊ ဗျတ္တညီနောင်၊ Triple Two၊ ချင်းတွင်းဂဠုန်ရာဇာ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ Spring Guerrilla Platoon၊ ချိုမိုင်မိုင်၊ Alpha special force၊ ချင်းတွင်းတိုက်ဂါး B21 တပ်ရင်း ၁၊ တပ်ရင်း(၂) စသည့်မဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီတပ်သားအလောင်းများအား မီးရှို့ခဲ့ရာအိမ်များနှင့် ဘုန်းကြီးကျောင်း။
#ကနီ #ယင်းမာပင် #တိုက်ပွဲ #စစ်ကြောင်းထိုး #PDF #Ayeyarwaddy_Times