ဧရာဝတီတိုင်းမ်
မေလ ၁၉ ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒေသခံအမျိုးသမီးတစ်ဦး တာဝါတိုင်ပိကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသွားသည့်အမျိုးသမီးမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ပြင်လျှားရှည်ကျေးရွာမှ အသက် ၄၀ ကျော်အရွယ် အမျိူးသမီးတစ်ဦးဖြစ်ပြီး မုန်တိုင်းတိုက်ခတ်နေချိန် နေအိမ်မှ ထွက်ပြေးရာ တာဝါတိုင်ပိသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

“မုန်တိုင်းတိုက်တော့ နေအိမ်ကနေ လုံခြုံတဲ့နေရာကိုထွက်ပြေးတာပါ။အဲဒီအချိန်မှာ အိမ်နားကတာဝါတိုင်က သူ့အိမ်ရှေ့ကိုလဲ လာပြီးတော့ ပိသွားတာ။ ဖြစ်ဖြစ်ချင်းတော့ အသက်ရှိပါသေးတယ်။ ဦးခေါင်းနှင့် ဝမ်းဗိုက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလို့ အရဲစွန့်ပြီး ဆေးရုံကို ပို့သေးတယ်။ ဆေးရုံရောက်ပြီးမှပဲဆုံးသွားတာပါ” ဟု သေဆုံးသူ၏ မိသားစုဝင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

နေအိမ် ၃၀၀ ကျော်ရှိသည့် ပြင်လျှားရှည်ကျေးရွာသည် မုန်တိုင်းကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများအပါအဝင် နေအိမ်အားလုံးပျက်စီးခဲ့ပြီး ရွာသားများ ပိုင်ဆိုင်သည့် ကျွဲ၊နွားများမှာလည်း အကောင်ရေ ၄၀ ထက်မနည်း သေဆုံး ခဲ့ကြောင်း ဒေသခံရွာသားများ၏ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ကျေးရွာသားများမှာ နေအိမ်များပျက်စီးသွားရုံသာမက သိုလှောင်ထားသည့် ဆန်၊စပါးများမှာလည်း မုန်တိုင်းနှင့်အတူပါသွားသည့်အတွက် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

“နေမယ့်အိမ်တွေလည်းမရှိတော့လို့ အနီးအနားရွာတွေက အိမ်တွေမှာကပ်နေရပါတယ်။ စားဖို့ သောက်ဖို့အတွက်လည်း ဘာမှမကျန်တော့ဘူး။စုဆောင်းထားသမျှ အကုန်ပါ သွားပြီ။ အလှူရှင်တွေလည်း တစ်ယောက်မှမရောက်လာသေးပါဘူး။လောလောဆယ် စားဖို့ သောက်ဖို့ အတွက်တောင့် စားနပ်ရိက္ခာတွေအရေးတကြီး လိုအပ်နေပါတယ်” ဟု ပြင်လျှားရှည်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သည့် အားပြင်းသောမိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်၊ဒုံးပိုက်ရွာတွင်လည်း ဓမ္မာရုံပြိုကျကာ ဒေသခံ ၁၄ ဦးသေဆုံးခဲ့ရပြီး မြောင်ခချောင်းရွာတွင်လည်း သားအမိနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းတွင်လည်း မုန်တိုင်းကြောင့် သေဆုံးသူ ၄၀၀ ကျော်အထိရှိသည်ဟုလည်း အရပ်ဖက်အဖွဲ့အစည်းများထံက သိရသည်။

ဓာတ်ပုံ- မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြင်လျှားရှည်ကျေးရွာမှ တာဝါတိုင်ပြိုလဲသွားပုံ

#ရခိုင်ပြည်နယ် #ပုဏ္ဏားကျွန်း #မိုခါဆိုင်ကလုန်းမုန်တိုင်း #တိုက်ခတ် #တာဝါတိုင် #သေဆုံး #Ayeyarwaddy_Times