နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)၊ မေလ ၁၉ ရက်

တရုတ်ဝမ်ပေါင် ကုမ္ပဏီ ဝန်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသရှိ ဆည်တည်းရွာတွင် ဆောက်လုပ်နေသည့် သိမ်ကျောင်း ပျက်စီးသွားကြောင်း ဒေသခံများက ဧရာဝတီတိုင်းမ် ကိုပြောသည်။

မေလ၁၇ရက် ည (၁၀)နာရီ ဝန်းကျင်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ လက်ပံတောင်းဒေသရှိ ရွာများကို စစ်ကြောင်းထိုးမီးရှိုနေသည့် စစ်ကောင်စီတပ်သားများမှာ ဝမ်ပေါင်ကုမ္ပဏီထဲတွင် တပ်စွဲထားသည်ဟု ဒေသခံများက ပြောသည်။

“ ဝမ်ပေါင်ကုမ္မဏီထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက လက်ပံတောင်းတောင်ဒေသက ကျေးရွာတွေကို စစ်ကြောင်းထိုး ရွာတွေကိုမီးရှို့ပြီးရင် ဝမ်ပေါင်ထဲ ပြန်ဝင်သွားရော။ ခုလည်း သူတို့ရွာတွေကိုမီးရှို့ဖျက်စီးလို့ သက်ကြီးရွယ်အိုတွေ ဥပုဒ်သီလစောင့် စရာတောင် မရှိတော့လို့ ဘုန်းကြီးကျောင်းသိမ်အစရှိတဲ့အဆောက်အဦးတွေပြန်လည်မွန်းမန်တည်ဆောက်နေကြတာကို လက်နက်ကြီးတွေနဲ့ ပစ်ခက်လို့ ပျက်စီးရပြန်ပြီ “ ဟု အသက် (၆၀)ကျော် အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ဒေသတွင် ကျေးရွာ (၂၈)ရွာရှိပြီး စစ်ကောင်စီတပ်၏ မီးရှို့ဖျက်စီးမှုများကြောင့် ကျေးရွာ ၁၀ရွာမှ ဒေသခံပြည်သူများမှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

တရုတ်နိုင်ငံပိုင် ဝမ်ပေါင် ကုမ္ပဏီသည် ကြေးနီတူးဖော်ရှာဖွေရေးလုပ်ငန်းကို စစ်ကောင်စီတပ်ပိုင် ဦးပိုင်ကုမ္မဏီနှင့် အကျိုးတူလုပ်ဆောင်​နေသည့် လုပ်ငန်းဖြစ်ပြီး စီမံကိန်းစတင်ချိန်ကတည်းကပင် ဒေသခံများ၏ ကန့်ကွက်ခြင်းကို ပြင်းပြင်းထန်ထန် ခံခဲ့ရသည်။
#ဝမ်ပေါင် #ကြေးနီ #လက်နက်ကြီး #ဆည်တည်းရွာ #ပျက်စီး
#Ayeyarwaddy_Times