ဧရာဝတီတိုင်းမ်
မေလ ၁၈ ရက်

ဧရာ၀တီတိုင်း ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ အရာရှိရိပ်သာလမ်းပေါ်မှာ မေလ ၁၈ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စားသောက်ဆိုင်နား ဗုံးတွေ့တာကြောင့် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေစဥ် အနီးကမီးရထားအရာရှိ ခြံဝန်းရှေ့မှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။

“ညနေ ၄ နာရီကျော်ကအရာရှိရိပ်သာလမ်းက Arian စားသောက်ဆိုင်ရှေ့မှာ ဗုံးတစ်လုံးတွေ့လို့ စစ်တပ်နဲ့ရဲက ရောက်လာပြီး လမ်းကိုပိတ်ပြီး ဗုံးကိုဖြုတ်ပြီးယူသွားပြီး လမ်းကိုပိတ်ထားပြီး ဟိုစစ်ဒီစစ်လုပ်နေတုန်း ၄၅ မိနစ်အကြာမှာ တစ်လုံးထပေါက်တာ ပြေးတဲ့လူပြေး ၀ပ်တဲ့လူ၀ပ်ဖြစ်သွားတယ်ထိခိုက်သူရှိမရှိတော့မသိရဘူး”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာဟာ ဟင်္သာတမြို့က မိီးရထားတိုင်း (၉) အရာရှိရဲ့ နေအိမ်ခြံ၀န်းရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ ရဲတွေ ပိတ်ဆို့စစ်ဆေးနေချိန်မှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ သုံးပင်ကွင်းရပ်ကွက်အတွင်းမှာ ညအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲမျာစစ်ဆေးမှုများဆက် လက်ပြုလုပ်နေပြီး ရပ်ကွက်တွင်းကအမျိုးသားလေးဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေလ ၁၂ ရက်နေ့ကလည်း ဟင်္သာတမြို့ မီးရထားတိုင်း(၉)ရုံး ရှေ့မှာဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် CDM လုပ်ခဲ့ဖူးတဲ့ မီးရထားဝန်ထမ်း ခြောက် ဦးနဲ့ မြို့ခံလူငယ် ၁၀ ဦးခန့်ကို စစ်ကောင်စီကဖမ်းဆီးသွားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။