ဧရာဝတီတိုင်းမ်
မေ ၁၈ ရက်
ပဲခူးတိုင်းအတွင်းရှိ တောင်ငူအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး က သေနတ်များလုယူ၍ ထွက်ပြေးသွားကြောင်း တောင်ငူ အကျဉ်းဦးစီးထံမှ သိရသည်။
မေလ ၁၈ ရက် ညနေ ၃ နာရီအချိန်က တောင်ငူအကျဉ်းထောင်မှ အချုပ်သားများကို တရားရုံးထုတ် လာစဉ် အချုပ်သား ၁၀ ဦမှ လက်နက်များလုယူ၍ ပစ်ခတ်ထွက်ပြေးစဉ် ထောင်တပ်ကြပ်တစ်ဦးသေဆုံးကာ ရဲတပ်ဖွဲ့တစ်ဦးသေနတ်ဒဏ်ရာ ရရှိခဲ့သည်။
“အချုပ်သား ၁၀ ဦးက ထောင်၀ရောက်မှ သေနတ်လုပြီး အစောင့်တွေကို ပစ်ခတ်ပြီးပြေးကြတာ သေနတ်တွေပါသွားတယ်။ ခုချိန်ထိတော့ ဖမ်းမမိသေးဘူး။ ခုထွက်ပြေးတဲ့သူတွေက ဘယ်လိုရာဇ၀တ်မှုတွေနဲ့လူတွေလည်းတော့ သေချာမပြောနိုင်သေးဘူး”ဟု တောင်ငူရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းအချုပ်သားများက ဒုရဲအုပ်အေးသော်ထံမှ ခြောက်လုံးပြူးနှင့် ရဲတပ်သားတစ်ဦးထံမှ G-3 တစ်လက်တို့ကို လုယူ၍ ပစ်ခတ်ထွက်ပြေးရာ ထောင်တပ်ကြပ်မောင်မျိုးသေဆုံးပြီး တပ်ကြပ်ကြီးကျော်မြင့်တို့ ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။
၎င်းတို့တွင် ခြောက်လုံးပြူးတစ်လက်၊ G-3 တစ်လက်၊ ကာဘိုင်တစ်လက်နှင့် MA-11 တစ်လက် စုစုပေါင်း သေနတ် ၄ လက်တို့ကိုလုယူ၍ ထွက်ပြေးလွတ် မြောက်သွားကြောင်း သိရသည်။
မကြာသေးမီကလည်း ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား ကိုးဦး က ရုံးထုတ်အပြန်တွင် သေနတ်လု ကာ ပစ်ခတ်ပြီး ထွက်ပြေးမှု တစ်ခု ဖြစ်ခဲ့သေးသည်။ အဆိုပါထွက်ပြေးသူများထဲမှ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူ နှစ်ဦးမှာ ယခုချိန်ထိ လွတ်မြောက်နေသည်။
ယခု သေနတ်လုယက်ထွက်ပြေးမှု ဖြစ်ပွါးသည့် တောင်ငူထောင်သည် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ထားသည့်ထောင် ဖြစ်သည်။
#တောင်ငူထောင် #သေနတ်လု #အကျဉ်းသား၁၀ဦး #သမ္မတဦးဝင်းမြင့်
#Ayeyarwaddy _Time