ဧရာဝတီတိုင်းမ်
(ဘီးလင်း)၊ မေလ ၁၈ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့် KNLA၊ PDFပူးပေါင်းတပ်ဖွဲ့တို့သည် မေလ ၁၅ ရက်နေ့မှစတင်၍ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သား ၂၅ ဦးနှင့်အထက် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့မေလ ၁၈ ရက်နေ့တွင်လည်း မဲလံစစ်ကောင်စီခန်းမှ စစ်ကြောင်းထိုးရန် လာသည့်စစ်ကောင်စီတပ်နှင့် KNLA၊ KRF၊ PDFပူးပေါင်းစစ်ကြောင်းတို့ ဘီးလင်းမြို့နယ်၊ နယ်ခြားရွာအနီးတွင် မိနစ်အနည်းငယ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား သုံး ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဝောာ်လှန်ရေးတပ်ဖွဲ့များသည် မဲပလီစခန်းမှ နတ်ကြီးစခန်းသို့ထွက်လာသည့် စစ်ကောင်စီတပ်သား အင်အား ၂၃၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို မေလ ၁၅ ရက်နေ့မှ စတင်၍ တောင်ကလေးကျေးရွာနှင့် ဝင်းကဒိုင်ရွာအနီးတွင် စစ်ကြောင်း သုံးကြောင်းခွဲ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သထုံခရိုင်PDFထံက သိရသည်။

“တိုက်ပွဲတွေဖြစ်ပွားပြီးတော့ ရွာတွေထဲကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်။ သေဆုံးတဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို အဲ့ဒီနေရာတွေမှာပဲမြေမြုပ်ခဲ့တယ်။ သူတို့(စစ်ကောင်စီတပ်)က နတ်ကြီး၊ မဲလံ၊ ပိန္နဲတော ရွာအစုံကို လက်နက်ကြီးနဲ့ ပစ်တာ။ နတ်ကြီးစခန်းကိုလည်း ကျွန်တော်တို့ ဒရုန်းမစ်ရှင် လုပ်ခဲ့တယ်” ဟု သထုံခရိုင်PDFတာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကြောင်စီစစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များသည် မေလ ၁၆ ရက်နေ့ကလည်း ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီစခန်းတစ်ခုဖြစ်သည့် နတ်ကြီးစခန်းကို ဒရုန်းဖြင့်ဗုံးသီးချကာ သွားရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း KRF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်ခံစစ်ကြောင်းမှာ မေလ ၁၅ ရက် နှင့် ၁၆ ရက် နှစ်ရက်တာအတွင်း တိုက်ပွဲများသာမကဘဲ ပူးပေါင်းတပ်ဖွဲ့မှ ထောင်ထားသည့် မိုင်းများအား အကြိမ်များစွာနင်းမိခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား ၂၅ ဦးဝန်းကျင်သေဆုံးကာ ၂၀ ဦးခန့်ဒဏ်ရာရခဲ့ပြီး ခြောက် ဦးမှာဒဏ်ရာပြင်းထန်ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – KNU။

#ဘီးလင်း #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #KNLA #PDF #တိုက်ပွဲ #Ayeyarwaddy_Times