ဧရာဝတီတိုင်းမ်
မေလ ၁၈ ရက်

ဧရာ၀တီတိုင်းမှာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နဲ့ ၁၅ ရက် နှစ်ရက်အတွင်း တိုက်ခတ်ခဲ့တဲ့ “မိုခါ”မုန်တိုင်းကြောင့် မြို့နယ် ၂၆ မြို့နယ်အတွင်းက လူနေအိမ် ၂၀၀ နီးပါးပျက်စီးခဲ့ပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနကနေ သိရပါတယ်။

ပျက်စီးဆုံးရှုံးမှုစာရင်းအရ ဧရာ၀တီတိုင်းက ရပ်ကွက်၊ကျေးရွာ ၁၁၄ ရွာက လူနေအိမ် ၁၃၁ လုံး၊ ဘာသာရေးအဆောက်အအုံတစ်လုံး၊ ဘုန်းကြီးကျောင်း ၅ကျောင်း၊စာသင်ကျောင်း ၃၂ ကျောင်း၊ ဆေးရုံ ဆေးခန်း ၅ ခု ၊ဌာနဆိုင်ရာအဆောက်အအုံ ၃ လုံး၊ အ​ခြားအဆောကအဦး ၄ လုံး ပျက်စီးခဲ့တယ်လို့ စာရင်းတွေအရသိရပါတယ်။

“တချို့ အမိုးလောက်ပဲ လေတိုက်လို့လန်သွားတာမျိုးတော့ စာရင်းထဲမပါသေးပါဘူး။ ခုက လုံး၀ပျက်စီးသွားတဲ့စာရင်းအရ တော့ တစ်တိုင်းလုံး လူနေအိမ်၊ကျောင်း၊ အဆောက်အအုံအကုန် ၁၈၁ လုံးနဲ့ သေဆုံးသူအမျိုးသားတစ်ဦး ဖြစ်ပါတယ်”လို့ ဧရာဝတီတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာနက၀န်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။

မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်နေစဥ် နေ့လည်၁နာရီ အချိန်ကရေကြည်မြို့နယ်ကွင်းသုံးဆင့်ကျေးအုပ်စု၊တန်ဇောင်ရိုးကျေးရွာပုသိမ်-မုံရွာကားလမ်းမဘေး က မလေးရှားပိတောက်ပင် လဲကြပြီး လမ်းပေါ်သွားနေတဲ့သုံးဘီးယာဥ်ပေါ်ပိကာ လိုက်ပါလာသူကိုဇော်ဇော်ဆိုသူ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
#ဧရာဝတီ #မိုခါ #လူနေအိမ် #အဆောက်အဦး #ပျက်စီး
#Ayeyarwaddy_Times