ဧရာဝတီတိုင်းမ်
မေလ ၁၈ ရက်
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ဒေါ်လာတစ်ဘီလီယံ ထက်မနည်းတန်ကြေးရှိ စစ်လက်နက်နဲ့ အခြားကိရိယာတွေ ပြည်ပကနေ ဝယ်ယူခဲ့တယ်လို့ ကုလသမဂ္ဂ ကျွမ်း ကျင်သူ တွမ်အန်ဒရူးက ပြောကြားလိုက်ပါတယ်။
ရုရှားနဲ့တရုတ်ဟာ အတိုက်အခံတွေအပေါ် စစ်ကောင်စီရဲ့ဖြိုခွင်းမှုတွေမှာ ထောက်ပံ့ပေးနေတယ်လို့ မေ လ ၁၇ ရက်က အစီရင်ခံစာတစ်ခုအတွင်း တွမ်အန်ဒရူးက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းယူကာ ဒီမိုကရေစီခေါင်းဆောင်တွေကို အကျဉ်းချပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူတွေက လက်နက်စွဲကိုင်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းခဲ့တာကြောင့် မြန်မာ စစ်တပ်က အရပ်သားနေထိုင်ရာ ဧရိယာတွေအပါအဝင် အတိုက်အခံတွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊ လက် နက်ကြီးတွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။
စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေ၊ နေအိမ်တွေနဲ့ အရပ်သားနယ်မြေတွေကို လေကြောင်းတိုက်ခိုက် ရာမှာ ရုရှားနိုင်ငံထုတ် Mi-35 ရဟတ်ယာဉ်တွေ၊ MiG-29 ဂျက်တိုက်လေယာဉ်တွေ၊ Yak-130 အပေါ့စားလေယာဉ် တွေနဲ့ တရုတ်လုပ် K-8 ဂျက်တိုက်လေယာဉ်တွေကို မကြာခဏဆိုသလို အသုံးပြုခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ တွမ်အန်ဒရူးက ပြောပါတယ်။
ဧပြီလ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာရှိ ပကဖရုံးဖွင့်လှစ်ပွဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ် ၄၀ အပါအဝင် လူ ၁၆၀ ဉီးထက်မနည်း သေဆုံး ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
“သတင်းကောင်းကတော့ မြန်မာစစ်တပ်ကို ဘယ်သူက လက်နက်တွေ ထောက်ပံ့ပေးနေသလဲဆိုတာ ကျွန်တော်တို့ သိရှိတာဖြစ်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာစစ်တပ်ထံ လက်နက်လွှဲပြောင်းမှု အပြီးတိုင် ပိတ်ပင်တာ၊ စုပေါင်းညှိနှိုင်းပြီး ဒဏ်ခတ်အရေးယူတာနဲ့အတူ လက်နက်စီးဆင်းမှုရပ်တန့်အောင် လုပ် ဆောင်ရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းမှာ စစ်လက်နက်ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေအပါအဝင် မြန်မာစစ် တပ်ထံ စစ်လက်နက်တွေ လွှဲပြောင်းပေးတာဟာ ရုရှားနိုင်ငံမှ ဒေါ်လာ ၄၀၆ သန်းနဲ့ တရုတ်နိုင်ငံမှ ၂၆၇ သန်း ရှိ တယ်လို့ သူက ထောက်ပြပါတယ်။
အိန္ဒိယနိုင်ငံပိုင်လုပ်ငန်းတွေကလည်း မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ လွှဲပြောင်းပေးခဲ့ပြီး စင်ကာပူ၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီတွေက မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ လွှဲပြောင်းပေးရာမှာ ပါဝင်ခဲ့တယ်လို့ တွမ်အန်ဒရူးက ပြောပါတယ်။
Su-30 ဂျက်တိုက်လေယာဉ်တွေ ထုတ်လုပ်တဲ့ ရုရှားနိုင်ငံပိုင် စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Rosoboronexport က မြန်မာနိုင်ငံသို့ ဒေါ်လာ ၂၂၇ သန်းတန်ကြေးရှိ MiG-29 ဂျက်တိုက်လေယာဉ်တွေ၊ ဒုံးပစ်စနစ်တွေ ပေးပို့ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ရုရှားစစ်လက်နက်ကုမ္ပဏီတွေက ထောက်ပံ့ပေးခဲ့တဲ့ စစ်လက်နက်တွေကို မြန်မာနိုင်ငံမှာ စစ်ရာဇဝတ် မှုနဲ့ လူသားမဆန်သောရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ အသုံးပြုခဲ့တယ်လို့ အစီရင်ခံစာက ပြောပါတယ်။
အစီရင်ခံစာကို မထုတ်ပြန်မီ သူ့ရဲ့တွေ့ရှိချက်တွေကို အစီရင်ခံစာမှာ ဖော်ပြထားတဲ့တိုင်းပြည်တွေကို အကြောင်းကြားခဲ့တယ်လို့ တွမ်အန်ဒရူးက ဆိုပါတယ်။
ဓာတ်ပုံ/ကိုးကား – Reuters
Ref; UN expert says Russia, China sending aid to Myanmar’s military