နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁၉ ရက်
အာဏာသိမ်း စစ်ကောင်စီက မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်မှ မြို့နယ်လေးမြို့နယ်ကို သဘာဝဘေးအန္တရယ် ကျရောက်သော ဒေသများအဖြစ် သတ်မှတ်ခြင်းသည် နိုင်ငံရေးအမြတ်ထုတ်ခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် (NPLUF)အဖွဲ့မှ တရား လွှတ်တော်ရှေ့နေ စောဘဦးလေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်က မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း ဒေသများသို့ စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်ခဲ့သဖြင့် ရခိုင်နှင့် ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် ထိခိုက်ပျက်စီး၍ လူသေဆုံးမှုများ ဖြစ်ပေါခဲ့သည်။
“ဒီဥပဒေမှာ တွေ့ရတဲ့ အကြီးမားဆုံး အားနည်းချက်က နိုင်ငံတော်လို့လည်း ဆိုရမယ့် နိုင်ငံတော်သမ္မတက သဘာဝဘေးကျရောက်ရာ နယ်မြေကို သတ်မှတ်ကြေညာပြီး တဲ့အခါ အဲ့ဒီလိုသတ်မှတ်ကြေညာထားတဲ့ နယ်မြေကို ဘယ်လို တာဝန်ယူပြီး ကုစားပေးမယ်၊ ဘယ်လို ပြန်လည်ထူထောင်ရေးတွေ လုပ်မလဲဆိုတာ မပါဝင်တဲ့ အချက်ပဲ။ ဒါကြောင့် အခုလို သတ်မှတ်ကြေညာတာ ဒီနယ်မြေဒေသကို ပြယုဂ်တစ်ခုလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်တာ၊ ကမ္ဘာကိုပြပြီး တောင်းစားလေမလား လို့တောင် မေးခွန်းထုတ်ရမယ်” ဟု စောဘဦးလေးက ပြောသည်။
စစ်ကောင်စီက ၂၀၁၅ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၁၁)အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် သတ်မှတ်ခဲ့သည့် ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်များမှာ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟား ခါးမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။
“သူတို့(စစ်ကောင်စီ)က တာဝန်ရှိတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကြေညာချက်ကတော့ ထုတ်တယ်။ လက်တွေ့မှာတော့ ဘယ်လောက်ကူညီနိုင်မလဲ၊ ဘယ်လောက်အထိ သူတို့ ဒေတာအချက်အလက်တွေ ကောက်ခံပြီးတော့ လူထုကို မူလအခြေအနေ ရောက်သွားနိုင်အောင်ထိ ကူညီနိုင်မှာလဲ၊၊ အဲဒါကိုတော့ ကျွန်တော်တို့ မေးခွန်းထုတ်ရမယ့် အခြေအနေမျိုး ရှိပါတယ်” ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းဥပဒေပါ ပုဒ်မ – ၁၁ တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတစ်ဝန်းလုံးတွင်သော် လည်းကောင်း၊ နိုင်ငံတော်၏ နယ်မြေဒေသတစ်ခုခုတွင်သော် လည်းကောင်း အသက် အိုးအိမ်စည်းစိမ်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အလွန်ကြီးမားသည့် ဘေးအန္တရာယ် ကျရောက်ကြောင်း အမျိုးသားကော်မတီက တင်ပြ၍ဖြစ်စေ၊ အခြား တစ်နည်းနည်းဖြင့် ဖြစ်စေ သိရှိရသည့်အခါ ယင်းဒေသကို မူလအခြေအနေသို့ အမြန် ပြန်လည်ရောက်ရှိ ဆောင်ရွက်ရာတွင် အခက်အခဲရှိမည်ဟု ယုံကြည်ပါက အဆိုပါဒေသကို အချိန်ကာလနှင့် နယ်မြေဒေသ အပိုင်းအခြား သတ်မှတ်၍ သဘာဝ ဘေးအန္တရယ် ကျရောက်သော ဒေသဖြစ်ကြောင်း ကြေညာနိုင်သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို ယနေ့ထိတိုင် ပြင်ဆင်ပြောင်းလဲမှုများ မပြုလုပ်ခဲ့သလို နည်းဥပဒေလည်း မထွက်ရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ် (NPLUF)အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ စောဘဦးလေး ထံကသိရသည်။
“ကျွန်တော်တို့ကတော့ ပြည်သူလူထုအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို သူ(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)တို့အဖွဲ့က ဘယ်လောက်လုပ်ပေးနိုင် သလဲဆိုတာ စောင့်ကြည့်ဖို့ပါပဲ။ ကျွန်တော်တို့ မြင်တာကတော့ လောလောဆယ်ကတော့ အဲဒီလုပ်ငန်းတွေမှာ အဓိကပါဝင် ကူညီနေတာက AA(ရက္ခိုင့်တပ်တော်)နဲ့ လူထုပဲ တွေ့ရပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်း စိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်၏ စစ်ကောင်စီအနေဖြင့် ယင်းကြေညာချက်ကို အခြေပြု၍ နိုင်ငံရေးအမြတ်ထုတ်မှု၊ နိုင်ငံတကာတွင်တရားဝင်မှုရအောင် လုပ်ဆောင်နေခြင်း ဖြစ်သော်လည်း မည်သည့် နိုင်ငံရေး အကျိုးအမြတ်မှ ရရှိလိမ့်မည်မဟုတ်ကြောင်း တရား လွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။
“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် လူဦးရေ ၅ ဒသမ ၄ သန်းကျော်ခန့် မုန်တိုင်းဒဏ်သင့်သည်ဟု ခန့်မှန်းရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က အစီရင်ခံစာ ထုတ်ပြန် ထားသည်။
ဓာတ်ပုံ- စစ်ကောင်စီ
ပုံစာ- မုန်တိုင်းဝင်ရောက်ပြီးနောက် စစ်တွေမြို့အား တွေ့မြင်ရစဥ်။
#မိုခါမုန်တိုင်း #စစ်ကောင်စီ #ရခိုင်နှင့်ချင်း #သဘာဝဘေးအန္တရာယ်ကျရောက်ဒေသ #သတ်မှတ် #နိုင်ငံရေးအမြတ်ထုတ် #Ayeyarwaddy_Times