ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ မေလ ၁၈ ရင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာနှင့် ညောင်ပင်ကုန်းရွာကြားတွင် မေလ ၁၇ ရက် နံနက် ၈ နာရီဝန်းကျင်ခန့်က စစ်ကောင်စီခြေလျင်စစ်ကြောင်းအား တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်ထဲသို့ဦးတည်ထွက်လာသည့် အင်အား ၃၀ ဝန်းကျင်ပါသည့် စစ်ကောင်စီ‌ခြေလျင်စစ်ကြောင်းအား ဘန်းလမွတ်ရွာနှင့် ညောင်ပင်ကုန်းရွာကြား ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား၅ ဦးခန့် သေဆုံးနိုင်ပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘယ်ကိုသွားလဲဆိုတာတော့မသိရဘူး။ တနင်္သာရီမြို့နယ်ဘက်ကိုလာတာပါ။ သူတို့က ခရီးတိုကို ခြေလျှင်သွားတာလို့ ထင်ရတယ်။ ထိခိုက်သေဆုံးခဲ့တဲ့သူတွေကိုဝော့ ပြန်သယ်သွားကြတယ်။ မိုင်းဆွဲပြီးနောက် ကင်းထောက်လေယာဉ် နှစ်ကြိမ်လာဝဲခဲ့ပါတယ်” ဟု အသက် ၃၀ ဝန်းကျင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က ကင်းထောက်လေယာဉ်ဖြင့် လာရောက်ပျံဝဲခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် ဧပြီလတစ်လအတွင်း၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲပေါင်း ၄၀ နီးပါးဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှု ၁၀ ကြိမ်ဝန်းကျင်ဖြစ်ပွါးခဲ့ကာ တိုက်ပွဲအများစုမှာ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တွင်ဖြစ်ကြောင်း FE5 Tanintharyi ၏အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ – ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့

#တနင်္သာရီ #မိုင်းဆွဲ #စစ်ကောင်စီတပ် #ခြေလျင်စစ်ကြောင်း #Ayeyarwaddy_Times