ဧရာ၀တီတိုင်းမ်
မေလ ၁၈ ရက်
မိုခါ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မုန်တိုင်းသင့်ဒေသတွေကို လူသားချင်းစာနာမှု အရေးပေါ် ကူညီပေးဖို့အတွ က် အာဏာသိမ်းစစ်ကောင်စီရဲ့ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အပါအဝင် ဒေသ အများအပြားကို ဖြတ်ကျော်တိုက်ခတ်ခဲ့ရာမှာ သန်းနဲ့ချီတဲ့မြန်မာပြည်သူတွေဟာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ယာယီနေထိုင်ရေးအကူအညီတွေအရေးပေါ်လိုအပ်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ အကူအညီတွေ မရရှိဘဲ ဖြစ်နေကြောင်း သိရပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် – UNDP၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ – UNICEF၊
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး – UNHCR နဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး – UNOCHA စတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေဟာ မုန်တိုင်းသင့်ဒေသတွေကို အရေးပေါ်ကူညီပေးဖို့ အသင့်ဖြစ်နေကြပေမယ့် စစ်ကောင်စီထံက ခွင့်ပြုချက်ရရှိဖို့ စောင့်ဆိုင်းနေရတာကြောင့် အကူအညီပေးအပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ နှောင့်နှေးနေရတယ်လို့ ဆိုပါတယ်။
“မုန်တိုင်းသင့်ဒေသတွေမှာ ကူညီပေးနိုင်ရေး အကန့်အသတ်မရှိ သွားလာခွင့်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေ အားလုံးကို ဆက်သွယ်ထားတယ်”လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး – UNOCHA ပြောခွင့်ရပုဂ္ဂိုလ် ပီရန်းပယ်ရန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့မှာ တနာရီကို မိုင် ၁၃၀ ဝန်းကျင်နှုန်းနဲ့ တိုက်ခတ်ခဲ့တာကြောင့် စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့နယ်အတွင်းက အိမ်ခြေ ၉၅ ရာခိုင်နှုန်း ပျက်စီးခဲ့သလို ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက အရေအတွက်သောင်းနဲ့ချီတဲ့နေအိမ်အဆောက်အဦးတွေ ပျက်စီးခဲ့ကြောင်း သိရပါတယ်။
ပုံစာ – မုန်တိုင်းသင့်ဒေသများကို စားနပ်ရိက္ခာကူညီပေးရန်ပြင်ဆင်နေမှု (ဓာတ်ပုံ – UNOCHA)
#မိုခါ #မုန်တိုင်း #စစ်တွေ #ကုလသမဂ္ဂ #အရေးပေါ်အကူညီ #Ayeyarwaddy_Times