ဧရာဝတီတိုင်း
မေလ ၁၇ ရက်

ဧရာဝတီတိုင်းတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ယခုနှစ် ၂၀၂၃ု ခုနှစ် မေလအထိ တစ်နှစ်နှင့်ငါးလအတွင်း ရိုဟင်ဂျာလူမျိုး ၈၀၀ ကျော်အား စစ်ကောင်စီမှ ဖမ်း​ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ ပုသိမ်၊ ငပုတော၊ ကြံခင်း၊ မြောင်းမြ၊ ရေကြည်နှင့် ဘိုကလေးမြို့နယ်များတွင် ရိုဟင်ဂျာ ၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက်မှ ၆၀၀ ကျော်မှာ ထောင်ဒဏ် ၂ နှစ်၊ ၅ နှစ်တို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း ၁၈ နှစ် မပြည့်သေးသူများကို လူငယ်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ဖမ်း​ဆီးခံရသူများအနက် ရိုဟင်ဂျာလူမျိုး ၆၀၀ ကျော်မှာ ၂၀၂၂ခုနှစ်တစ်နှစ်အတွင်း ဖမ်း​ဆီးခံရခြင်းဖြစ်ပြီး ၂၀၀ ကျော်မှာမူ ယခုနှစ် ၅ လအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သသည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာလူမျိုးများကို လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်များဖြင့် စစ်ကောင်စီမှ ထောင်ဒဏ်ပြစ်ဒဏ်များချမှတ်​နေခြင်းဖြစ်ကြောင်း သိရသည်။

“ရခိုင်ပြည်နယ်မှာ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးလာသူတွေပါ။ မလေးရှားမှာအလုပ်ရမယ်ဆိုပြီး မြန်မာနိုင်ငံသား ပွဲစားတွေကခေါ်လာတာ။ လှေနဲ့ ပင်လယ်ပြင်ဖြတ်ရင်း လှေမှောက်လို့ သေကုန်တာတင် ၁၀၀ ကျော်လောက်ရှိမယ်” ဟု ဧရာဝတီတိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ရိုဟင်ဂျာ ၈၀၀ ကျော်အနက် ၅၀၀ ဝန်းကျင်မှာ အမျိုးသမီးများဖြစ်ကြပြီး ၂၀၀ ကျော်မှာ အမျိုးသားများဖြစ်ကြကြောင်း အသက် ၁၈ နှစ်အောက် ကလေးငယ်အချို့နှင့် အသက် ၁၀ နှစ်အောက် ကလေးငယ်အချို့လည်း ပါဝင်နေသည်ဟု ၎င်းက ဆိုသည်။

အာဏာမသိမ်းမှီ အရပ်သားအစိုးရလက်ထက်ကမူ ဧရာဝတီတိုင်းအတွင်း ဖမ်းဆီးရမိသည့် ရိုဟင်ဂျာများကို ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည်ပို့ဆောင်ပေးလေ့ရှိသော်လည်း စစ်ကောင်စီကမူ ရိုဟင်ဂျာများအပေါ် ထောင်ဒဏ်ပြစ်ဒဏ်များ ချမှတ်လျှက်ရှိကြောင်း ယခင်အရပ်သားအစိုးရအဖွဲ့နှင့် နီးစပ်သူများကပြောသည်။

ယခုနှစ် ဇန်နဝါရီလနှင့် ဧပြီလများတွင်လည်း ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ငပုတောမြို့နယ်များတွင် ရိုဟင်ဂျာ ၁၀၉ ဦးအထိ ဖမ်းဆီးရမိထားကြောင်း ယခုလဆန်းပိုင်းတွင်လည်း ၇၀ ကျော် ထပ်မံဖမ်း​ဆီးရမိခဲ့သေးကြောင်း တိုင်းရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

#ဧရာဝတီ #ရိုဟင်ဂျာ #၈၀၀ #ဖမ်းဆီးခံရ #စစ်ကောင်စီ #ထောင်ဒဏ်
#Ayeyarwaddy_Times