နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/မေလ၁၇ရက်
စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်ရှိ ဓားမဆိုင်း တပ်ရင်း (၂၈)သည် လက်လုပ် သေနတ်၊ လက်လုပ်တာဝေးပစ်၊ လက်လုပ်ဖောက်ခွဲရေးပစ္စည်းများဖြင့်သာ စစ်ကောင်စီ တပ်၏ စစ်ကြောင်းထိုးမှုကို ခုခံတော်လှန်နေရ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် အသိအမှတ်ပြု၍ လက်နက်ခဲယမ်းများ တပ်ဆင်ပေးရန် တောင်းဆိုထားသည်။
ထို့သို လက်လုပ်ပစ္စည်းများဖြင့်သာ ခုခံတော်လှန်နေသည့် ဓားမဆိုင်း တပ်ရင်း (၂၈)သည် မေလ ၁၄ ရက်နေ့က ဝင်ရောက်ခဲ့သည့် မိုခါမုန်တိုင်း၏ လေပြင်းတိုက်ခိုက်မှုကြောင့် နေထိုင်ရာစခန်းနှင့် စစ်ရှောင်စခန်းပျက်စီးခဲ့ပြီး အခက်အခဲများကြုံနေကြောင်း ဓားမဆိုင်းတပ်ရင်း (၂၈)၏ တာဝန်ရှိ သူထံက သိရသည်။
“ဆားလင်းကြီးမြို့နယ်ထဲမှာတော့ စစ်ကောင်စီ အာဏာသိမ်းပြီး ကတည်းက စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ မြို့ပြအထိ ထိုးဖောက်ဝင်ရောက်နိုင် ခဲ့ပါတယ်။ ဒါကလည်း ပြည်သူတွေရဲ့ပံ့ပိုးကူညီမှုနဲ့ ရပ်တည်နိုင်ခဲ့တာပါ။ အခုကတော့ လက်နက်မလုံ လောက်တာရယ်၊ သဘာ၀ဘေးကြောင့် စခန်းတွေပျက်စီးခဲ့တာမို့ အကူအညီ လိုအပ် နေပါတယ်။ ကျွန်တော်တို့က မြေပြင်မှာ လက်တွေ့ ကျကျ တိုက်နေတဲ့ အဖွဲ့ပါ။ မြေပြင်အခြေအနေကို လေ့လာပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက လက်နက် တပ်ဆင်မှုတွေ ပြုလုပ်ပေးစေချင်ပါတယ်။ အခုက လက်နက်ခဲယမ်း လိုအပ်ချက်အပြင် သဘာ၀ဘေးနဲ့ပါ ရင်ဆိုင်နေရတာပါ” ဟု ဓားမဆိုင်း တပ်ရင်း (၂၈)၏ ဦးဆောင်သူ ဗိုလ်စွမ်းသူမောင်က ဧရာဝတီတိုင်းကိုပြောသည်။
ဓာမဆိုင်းတပ်ရင်းတွင် ဒေသကာကွယ်ရေး လက်နက်ငယ်သင်တန်းများ နှင့် ရှေ့ဦးသူနာပြုဆိုင်ရာ သင်တန်းများ ၊ အခြေခံစစ်ပညာသင်တန်းမျာပြုလုပ်ခဲ့ပြီး မုံရွာမြို့ ရှိ စစ်ကောင်စီတပ်စခန်းချရာနေရာများကို ပုံစံအမျိုးမျိုးဖြင့် တိုက်ခိုက်မှုများ ပြုလုပ်၍ စစ်ကောင်စီတပ်၏ လက်နက်အချို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
“စစ်အာဏာရှင် တော်လှန်ရေးဟာ နှစ် နှစ်ကျော်ကြာလာပါပြီ။ ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ကြိုးစားအားထုတ်မှုတွေကို NUG အနေနဲ့ အသိအမှတ်ပြု စေချင်ပါတယ်။ ကျွန်တော်တို့က အသက်တွေ စတေးပြီး ပေးဆပ်နေရတယ်။ တာဝန်ရှိသူ အဆင့်ဆင့်က မြေပြင်သတင်းအချက်အလက်တွေကို စုံစမ်းပြီး ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့တွေကို လက်နက်ခဲယမ်းတွေ အမြန်ဆုံးချ ပေးစေချင်ပါတယ်“ ဟု ဗိုလ်စွမ်းသူမောင်က ဆိုသည်။
#ဓားမဆိုင်းတပ် #လက်လုပ်သေနတ် #စစ်ကောင်စီတပ် #တော်လှန် #လက်နက်ခဲယမ်း #လိုအပ် #NUG #တောင်းဆို #Ayeyarwaddy_Times