ဧရာဝတီတိုင်းမ်
(မတူပီ)၊ မေလ ၁၆ ရက်

ချင်းပြည်နယ် မတူပီမြို့နယ်တွင် ဆိုင်ကလုန်း မုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် အဆောက်အအုံ များကို ယမန်နေ့မှ စတင်ပြီး ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ပြုပြင်လျက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မည်သည့် ကူညီ ကယ်ဆယ်ရေး အဖွဲ့များမှ ရောက်လာခြင်း မရှိသလို နေအိမ်များ ပြုပြင်ရာတွင် အမိုးသွပ်ပြား အပါအဝင် အိမ်ဆောက် ပစ္စည်းများ လိုအပ်နေသည်ဟုလည်း ဆိုသည်။

“စစ်ကောင်စီက မြို့အဝင် အထွက်ကို ပိတ်ထားတဲ့အတွက် လိုအပ်နေတဲ့ အိမ်ဆောက် ပစ္စည်းတွေကို မြို့ထဲသွားပြီး ဝယ်ယူလို့ မရဘူး။ ချက်ချင်းမပြင်ဘဲ မိုးတွေဆက်ရွာနေရင် ပြည်သူတွေ တော်တော်ဒုက္ခရောက်မှာ။ ကယ်ဆယ်ရေးလည်း မရှိ၊ ငွေသွင်း ငွေထုတ်လည်း မရှိဘူး။ ကုန်တင်ယာဉ် အဝင် အထွက်လည်း မရှိတော့ ကျေးရွာနေ ပြည်သူတွေကပဲ ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ တတ်နိုင်သမျှ အပျက်အစီးတွေကို ပြုပြင်နေကြပါတယ်”လို့ ထီစောင်း ဒေသခံ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။

မတူပီမြို့ စန်ဘောင်ရပ်ကွက်တွင် နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့ပြီး ကျေးလက် ဒေသများတွင် ဘုရားကျောင်း အပါအဝင် အိမ်ခြေ ၅၀၀ ကျော် ပျက်စီးသွားသည် ဟုလည်း ဆိုသည်။

ချင်းပြည်နယ်တွင် မိုခါ မုန်တိုင်း တိုက်ခတ်မှုကြောင့် ပြည်သူနေအိမ် ၁၀၀၀ ကျော် ပျက်စီးသွားကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

လက်ရှိ ရရှိထားသော အချက်အလက်များအရ မတူပီမြို့ပေါ်တွင် နေအိမ် ၁၀ လုံး၊ ဖနိုင်ကျေးရွာတွင် နေအိမ်၂၀၀ ကျော်၊ ဝေတူး ကျေးရွာတွင် ၂၀ ကျော်၊ ထီစောင်း ကျေးရွာတွင် ၃၀ ကျော်၊ ဘွေထီယား ကျေးရွာတွင် ၃၀ ကျော်၊ ဇိုတုန်နယ်တွင် ၂၅၀ ကျော်၊ ရေဇွာမြို့တွင် နေအိမ် ၂ လုံးနှင့် လိုင်လင်းပီမြို့ပေါ်တွင် ၁၁၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပြီး ဆက်သွယ်ရေး အခက်အခဲကြောင့် အခြားကျေးရွာများ၏ ပျက်စီးမှု အခြေအနေများကိုလည်း ဧရာဝတီတိုင်းမ် အနေဖြင့် ဆက်လက် စုံစမ်းလျက် ရှိသည်။

စစ်ကောင်စီကမူ ဆိုင်ကလုန်း မိုခါ တိုက်ခတ်မှုကြောင့် နိုင်ငံတဝန်း တိုင်းနဲ့ ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများက လူနေအိမ် ၈၆၄ လုံး၊ သာသနိက အဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။