ကလေးတွေမှာ အဖြစ်များတဲ့ မိုးရာသီနဲ့ သွေးလွန်တုပ်ကွေးရောဂါ
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ မေလ ၁၆ ရက်)
မိုးရွာလာပါပြီ။ မုတ်သုန်ရာသီဥတုစတင်တာနဲ့ ခြင်ပေါက်ဖွားမှုနှုန်းများလာပါတော့မယ်။ ခြင်ကြောင့် ဖြစ်တတ်တဲ့ရောဂါတွေ ထဲကမှ သွေးလွန်တုပ်ကွေးရောဂါကြောင့် ကူးစက်ခြင်းတွေ ပိုမိုများပြားလာပါတော့မယ်။
အားလုံးသိထားသလို သွေးလွန်တုပ်ကွေးရောဂါက ကလေးများမှာ အဖြစ်များပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ (Aedes Mosquito ) ခြင်ကျားကိုယ်ခန္ဓာထဲ Dengue Virus သွေးလွန်တုပ်ကွေးဗိုင်းရပ်က နေနိုင်ပါတယ်။ Virus အမျိုးအစား (၄)မျိုးရှိပြီး တူညီတဲ့ အမျိုးအစားက တစ်ခါဖြစ်ပြီးရင်နောက်တစ်ခါပြန်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘဝမှာ သွေးလွန်တုပ်ကွေးက လေး ကြိမ်အထိ ပြန်ဖြစ်နိုင်တယ်လို့ မှတ်သားထားရပါမယ်။ သွေးလွန်တုပ်ကွေး ထပ်မံ ဖြစ်ပွားလျှင် ပိုဆိုး တတ်ပါတယ်။
သွေးလွန်တုပ်ကွေးဟာ တုပ်ကွေးမိဖျားနာခြင်းနှင် အစောပိုင်းဆင်တူသော်လည်း အဖျားရက်ရှည်လာတာနဲ့အမျှ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာတွေကို သိသာစွာ ပြသလာမှာဖြစ်ပါတယ်။
#သွေးလွန်တုပ်ကွေးလက္ခဏာ
သွေးလွန်တုပ်ကွေးလက္ခဏာတွေ အနေနဲ့ ကိုယ်ပူဖျားနာခြင်း ၊ခေါင်းကိုက်ခြင်း ၊ မျက်စိ မျက်ရိုးကိုက်ခြင်း၊ ကြွက်သားနာခြင်း ကျော၊ ခြေ၊လက်၊ ဒူခေါင်း၊ ပခုံး စတဲ့ အဆစ်အမြစ်တွေကိုက်ခဲခြင်း၊ ပျို့အန်ခြင်း၊ အစား အသောက်ပျက်ခြင်း၊ အားနည်းခြင်း၊ နုံးခြင်း၊ ပျော့ခွေပင်ပန်းနေခြင်း စတာတွေ ဖြစ်တတ်ပါတယ်။
အဲ့ဒီလို လက္ခဏာတွေအပြင် ခန္ဓာကိုယ်အပါအဝင် မျက်နှာ၊ ရင်ဘက်၊ လက်၊ ခြေ စတဲ့ အရေပြား မျက်နှာပြင် အနှံ့မှာ အနီစက်များထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ သွေးခြည်ဥလွယ်ခြင်း၊ သွားဖုံးသွေး ယိုခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ ဆီးသွေးပါခြင်း၊ ဝမ်းသွေးပါခြင်း/ဝမ်းမည်းမည်း သွားခြင်း၊ ကော်ဖီရောင်အနှစ်များအန်ခြင်း နဲ့ (ပြန်ရည်) အကျိတ်များကြီးခြင်းတွေလည်း ဖြစ်တတ်ပါတယ်။
#မိုးရာသီနဲ့သွေးလွန်တုပ်တွေး
သွေးလွန်တုပ်ကွေးနဲ့ ပတ်သက်ရင် အစိုးရ လက်ထောက်ဆရာဝန်ဘဝ မြို့ကြီးတစ်ခုရဲ့ ကလေးအထူးကုဆေးရုံမှာ တာဝန် ထမ်းဆောင်ခဲ့စဉ်က ဖြစ်ရပ်တချို့က ခေါင်းထဲ ပေါ်လာပါတယ်။ ကလေး တစ်ယောက်ဖျားပြီဆိုရင် မိဘတွေ အကြောက်ဆုံးက သွေးလွန်တုပ်ကွေး ဖြစ်မှာကိုပဲဖြစ်ပါတယ်။ မိုးသံပေးလို့ မိုးဦးကျပြီဆိုတာနဲ့ ဆေးရုံကုတင် တစ်ဝက် ကျော်မှာ သွေးလွန်တုပ်ကွေး နဲ့ ဝမ်းရောဂါ ကလေး လူနာတို့ဖြင့်ပြည့်နေတတ်ပါတယ်။
မိုးကာလ တစ်ရက် ညနေ ၄ နာရီလောက်မှာ ဘုန်းတော်ကြီး ပရဟိတမိဘမဲ့ ကလေးစောင့်ရှောက်ရေး စတစ်ကာတွေကပ်ထားတဲ့ ကားလေးတစ်စီးက ဆေးရုံရှေ့ ဆင်ဝင်ထဲကို ဝင်လာပါတယ်။
အသက် ၅ နှစ်ခန့်ရှိပြီဖြစ်တဲ့ ညစ်ပက်ပေပွနေတဲ့ ကလေးကို ဆယ်ကျော်သက်အရွယ် ပျိုဖော်ဝင်စ အမျိုးသမီးငယ်လေးက ကုန်းပိုးပြီးတော့ ကားထဲကနေ ဆင်းလာပါတယ်။
အရေးပေါ်တာဝန်ကျ ဆရာဝန်အခန်းကို ခပ်သွက်သွက်လေး ခေါ်လာပြီး ကြည့်တဲ့အခါ ကလေးမှာ ကိုယ်ပူပြီး ပျော့ခွေနုံးချိနေပါတယ်။ ကလေးငယ် ဖျားတာ လေးရက်ရှိနေပြီလို့ သိရပြီး ကိုယ်ပူကျခြင်းမရှိပေ။ ဒါကြောင့် ကုတင်ပေါ်တင်ကာ သွေးလန့်လက္ခဏာကို ရှာဖွေ စစ်ဆေးတဲ့အခါ သွေးလန့်ခြင်း မရှိတာကို တွေ့ရပါတယ်။
အဲ့ဒီနောက် ရောဂါရာဇဝင်မေးမြန်းရင်း ဖျားတာနဲ့ အတူယှဉ်တွဲနေတဲ့ အခြား လက္ခဏာတွေအပါအဝင် စမ်းသပ်စစ်ဆေးလိုက်ပြီးတဲ့အခါ အသည်းမှာ အနည်းငယ် ကြီးလို့နေပါတယ်။ သွေးလွန်တုပ်ကွေး သံသယဖြစ်တာကြောင့် သွေးဖောက် စစ်ဆေးခဲ့ပါတယ်။ သွေးလွန်တုပ်ကွေးရဲ့လက္ခဏာတွေဖြစ်တဲ့ ဗိုက်နာတာ ၊ ပျို့အန်တာ၊ သွေးထွက် သွေးယိုစိမ့်တာတွေကို အဓိကထား ရှင်းပြလိုက်ပြီး ကလေးကို ဆေးရုံတင်ခဲ့ပါတယ်။ သွေးအဖြေကတော့ လတ်တလောသွေးလွန်တုပ်ကွေးရောဂါ ရှိကြောင်း အဖြေကို ရပါတယ်။
#အသက်အန္တရာယ်ရှိတဲ့သွေးလွန်တုပ်ကွေး
သွေးလွန်တုပ်ကွေးရောဂါက ဖြစ်လည်းဖြစ်တတ်သလို သေလည်းသေတတ်ပါတယ်။ ဆေးရုံတက်နေတဲ့ ကလေးလူနာတွေကို အချိန်ပြည့်နီးပါး ကြပ်မတ် စောင့်ကြည့်ကုသ ရမှာပါ။
စဖျားတဲ့ နေ့ကနေ ရေတွက်ရင် အဖျား ၄ရက် ကနေ အဖျား၇ရက် အတွင်း သွေးလွန် တုပ်ကွေး ပိုးကူစက်ပြီး ဖျားတာကြောင့် Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ပြီး ပိုဆိုးပြီဆိုရင် Dengue Shock Syndrome (DSS) သွေးလန့်ခြင်း သွေလွန်ခြင်းဖြစ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
သွေးလွန်တုပ်ကွေး လူနာကို ကိုယ်အပူချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်းကို အချိန်မှန်မှန် လုပ်ပေးရပါမယ်။ သွေးကြေ သွေးခုန်မှုကိုစမ်းသပ်ခြင်း အစားအသောက်ဆီးဝမ်း ပမာဏ-အကြိမ်အရေအတွက်မှတ်ခြင်း အပြင် အန်ထွက်ခြင်း၊ ခြေလက်များ အေးစက်လာခြင်း၊ မျက်နှာဖောင်းအစ်လာခြင်း စတာတွေပါ စောင့်ကြည့်မှတ်တမ်း တင်ရပါတယ်။
ကလေးငယ် ၁၂၀ ကျော်ရှိတဲ့ ဘုန်းတော်ကြီးကျောင်းမိဘမဲ့ဂေဟာမှာ ကျန်ကလေးတွေ လည်း အလားတူပုံစံ ဖျားနေတာမို့ နောက်တစ်ရက်မှာလည်း ဖျားနာကလေး လေးယောက် ထပ်မံပြီးတော့ ဆေးရုံတက်ကုသ ရပါတယ်။ မိဘမဲ့ကလေးတွေ အချင်းချင်း ကလေးကြီးများက ကလေးငယ်တွေကို ချစ်ခြင်းမေတ္တာ တွေနဲ့ စောင့်ရှောက် ပေးတာကိုလည်း ကြည်နူးစွာမြင်တွေ့ရပါတယ်။
#ခြင်ကိုက်မခံခြင်းဖြင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်ပါ
ခြင်ကိုက်ခံရခြင်းမရှိစေဖို့ စာသင်ကျောင်းများ၊ နေအိမ်များနဲ့ ကလေးရှိတဲ့နေရာတွေမှာ ခြင်နှိမ်နှင်းရေးလုပ်ငန်းတွေ လုပ်ရပါတယ်။ ကလေးငယ်တွေကို နေ့ရော၊ ညပါ ခြင်မကိုက် အောင် ထားနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။
ခြင်မပေါက်ဖွားလုပ်ငန်းစဉ်တွေဖြစ်တဲ့ ဖုံး၊ သွန်၊ ခတ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြုပ်၊ ရှင်း၊ မှုတ် ဆိုတာကတော့
-ရေကြည်ရေသန့်များကို ဖုံးအုပ်ထားခြင်း၊
-ရေတင်နေရာတွေမရှိစေရန်သွန်ပစ်ခြင်း
-ခြင်မပေါက်နိုင်ရန် Abate အဘိတ်ဆေးခတ်ခြင်း
-ပိုးလောက်လန်းတွေကို ရေမှစစ်ထုတ်ခြင်း
-ရေမျက်နှာပေါ်မှာ ခြင်ဥချလို့မရအောင် ဆီလောင်းခြင်း
-ခြင်ထောင်အသုံးခြင်း
-ပန်းအိုး၊ ရေအိုးများပုံမှန်လဲခြင်း
-အမှောင်ထဲမှာ ခြင်မခိုအောင်းစေဖို့ တံခါးပြတင်းပေါက်များ ဖွင့်ခြင်း
-ရေတင်နိုင်တဲ့ စွန်ပစ်အမှိုက်တွေကိုမြေမြုပ်ခြင်း
-ခြုံရှင်းခြင်း
-ခြင်ပြေးဆေးမှုတ်ခြင်း တွေပဲဖြစ်ပါတယ်။
မိဘမဲ့စောင့်ရှောက်ရေးဂေဟာတွေ၊ ကျောင်းတွေနဲ့ ပတ်ဝန်းကျင်ကို ခြင်နှိမ်နှင်းရေးတွေ မဖြစ်မနေ လုပ်ရပါတယ်။ အဲ့ဒီလို မလုပ်နိုင်ဘူးဆိုရင် ကူးစက်ပျံ့ပွားမှုက ပိုမိုများလာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး
သွေးလွန်တုပ်ဖြစ်တဲ့အခါ သွေးဖြူဥ ပမာဏ နည်းလွန်းနေခြင်းက စိုးရိမ်ရပါတယ်။ လက်ဖျားကနေ တံတောင်ဆစ်အထိ ၊ ခြေဖဝါးကနေ ဒူးခေါင်းအထိ အေးစက်နေပြီဆိုရင် သွေးလန့်ခြင်းကို ဖော်ပြနေတာပါ။ အချိန်မီ ကုသမှုခံယူနိုင်ရင် အသက်ရှင်နိုင်ပေမယ့် အသက်အန္တရာယ်ရှိလာတာမို့ ကြပ်မတ်ကုသရပါမယ်။
#သွေးလွန်တုပ်ကွေးရောဂါသက်သာလာသည့်လက္ခဏာများ
သွေးလွန်တုပ်ကွေးဖြစ်လို့ အဖျား ခုနစ် ရက်မြောက်နေ့အထိ ရင်ဆိုင် ကျော်ဖြတ်ပြီး ပြီဆိုရင် နေပြန်ကောင်းသွားမှာဖြစ်ပါတယ်။ အဖျားကင်းစင်ပြီဆိုရင် အခြားရောဂါ လက္ခဏာများလည်း ဘက်သာပျောက်ကင်းပါပြီ။ ကိုယ်ခန္ဓာအနှံ့မှာ အနီစက်တွေ ထွက်လာပြီဆိုရင် ရောဂါပျောက်ကင်းပြီလို့ မှတ်ယူနိုင်ပါတယ်။ မိဘမဲ့ကလေးတွေကို ဆေးရည်သွင်း ကုသမှုတွေ လုပ်ခဲ့ရပေမယ့် ကလေးငယ်တွေအားလုံး သွေလွန်တုပ်ကွေရောဂါကို ကျော်လွှာနိုင်ခဲ့ပြီး ဆေးရုံကနေ ဆင်းခွင့် ရခဲ့ပါတယ်။
အဓိက အသိ သတိပေးလိုတာကတော့ သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးတွေမှာ ကူးစက်မှု ပိုများတာမို့ ခြင်မကိုက်အောင်ကာကွယ်ပေးပါ။ ဖျားနေရင် မပေါ့ပါနဲ့။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီး အသက်တွေ မဆုံးရှုံးစေဖို့အတွက် ရည်ရွယ်ရင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
မဝေးတော့တဲ့ကာလမှာ အားလုံး ဒုက္ခကုန်ဆုံးပြီး ခွင့်တူညီမျှ ပြည်သူဘဝကို အမြန်ဆုံးရရှိနိုင်ဖို့ ဆုတောင်းမေတ္တာ ဝေမျှလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကလေးငယ်များ #မိုးရာသီနဲ့သွေးလွန်တုပ်ကွေးရောဂါ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)