နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁၆ ရက်
NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် ၇ ဖွဲ့၏ ထိပ်သီးခေါင်းဆောင် အစည်းအဝေးကို မေလ တတိယအပတ်တွင် ချင်းမိုင်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြှင့်ထားသည့် အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြုလုပ်ရန် အလွတ်သဘော တွေ့ဆုံစဉ်က တင်ပြချက်များကို အဖွဲ့တွင်းပြန်လည် ဆွေးနွေးရန်အတွက် ဖြစ်ကြောင်း သိရသည်။
အပစ်ရပ် ၇ ဖွဲ့၏ ထိပ်သီးခေါင်းဆောင် အစည်း အဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခုလ မေလ ၁၇ ရက်မှ ၁၈ ရက်အထိ နှစ်ရက်တာ မျက်နှာစုံညီ ကျင်းပသွားမည်ဖြစ်ပြီး အလွတ်သဘော ဆွေးနွေးပွဲကနေ မှတ်တမ်းတင်ထားသည့် အချက်အလက်များကို ထိပ်သီးခေါင်းဆောင်များအား ပြန်လည်တင်ပြမည့် အစည်းအဝေးဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အလွတ်သဘော ဆွေးနွေးပွဲဆိုတာကလည်း နေပြည်တော်သွားတဲ့ ၇ ဖွဲ့ပေါ့နော်။ PPST အနေနဲ့လည်း မဟုတ်ဘူး။ တစ်ဖွဲ့ချင်းဆီလည်း မဟုတ်ဘူးပေါ့။ နေပြည်တော်သွားတဲ့ ၇ ဖွဲ့ဆိုတာကလည်း PPST တင်းပြည့် ကျပ်ပြည့်က ၆ ဖွဲ့ပါတယ်။ နောက်ပြီး RCSS ဆိုတာက ပူးပေါင်းအဖွဲ့အနေနဲ့လည်း တစ်ဖွဲ့ပါတော့ အားလုံးပေါင်း ၇ ဖွဲ့ပေါ့။ အဲဒီအဖွဲ့ကနေ သက်ဆိုင်တဲ့ ထိပ်သီးခေါင်းဆောင်တွေကို ကျွန်တော်တို့က ထိပ်သီးခေါင်းဆောင် အစည်း အဝေးခေါ်တာပါ” ဟု ၎င်းက ပြောသည်။
နိုင်ငံတကာကို ပြသမှုကောင်းအောင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးညီလာခံ ကျင်းပရန်နှင့် ရွေးကောက်ပွဲ ကျင်းပရေးကို စိတ်အားထက်သန်နေပြီး ထိုအရာများကို အကောင်အထည် ဖော်နိုင်ရန် ၎င်းလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)မှတဆင့် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသည့် အပစ်ရပ် ၇ ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် ပြီးခဲ့သည့် မတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ နှစ်ရက်တာ ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံခဲ့သည်။
ထိုသို့ နှစ်ရက်တာ တွေ့ဆုံမှုတွင် စစ်ကောင်စီ၏ NSPNC ဘက်က ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ စသည်တို့ကို တင်ပြဆွေးနွေးခဲ့သည်။
အပစ်ရပ် ၇ ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ဘက်မှလည်း အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ဆိုင်ရာကိစ္စ၊ ဖက်ဒရယ်အခြေခံမူများ ကိစ္စ၊ အရပ်သားများ ကာကွယ်ပေးရေးဆိုင်ရာကိစ္စ၊ နှစ်ဖက်ဘုံသဘောတူညီချက်များ ရရှိနိုင်ရေးကိစ္စ စသည်တို့ကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် အဆိုပါ အပစ်ရပ် ၇ ဖွဲ့မှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ဖြစ်သည်။
ဓာတ်ပုံ – စစ်ကောင်စီနှင့် အပစ်ရပ် ၇ ဖွဲ့တို့ ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံမှု