ဧရာ၀တီတိုင်းမ်
မေ ၁၆ ရက်
မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်သို့ ၀င်ရောက်တိုက်ခတ်နေစဉ် ညနေပိုင်းတွင် မကွေးတိုင်းအတွင်း လေပြင်းများနှင့် မိုး များသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေများမြင့်တက်ခဲ့သည်။
မေလ ၁၅ ရက်နေ့ နံနက်အစောပိုင်းက မကွေးတိုင်း၊ စလင်းမြို့နှင့် ပေါက်မြို့နယ်တို့တွင် ချောင်းရေများ လွှမ်းမိုးမှုကြောင့် ချောင်းဘေးရှိ ကျေးရွာများမှ နေအိမ်များ ရေနစ်မြုပ်ခဲ့သည့်အပြင် လယ်မြေဧက ထောင်ချီ၍ ရေနစ်မြုပ်ပျက်စီးမှုများဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံက သိရသည်။
“ကျွန်တော်တို့ဘ၀တွေက ခံဘက်ကကြီးပါပဲဗျာ။ ခုက ရေရော၊ နုန်းတွေရောဖုံးကုန်တာ စိုက်ခင်းတွေထဲ ဘာမှလုပ်မရဘူး။ စိုက်ထားတာတွေ ရေတွေမြုပ်၊ အကုန်ပြန်နုတ်ပြီး အသစ်ပြန်စိုက်ရမှာ။ ရေ မြုပ်ပျက်စီးတဲ့ လယ်တွေထောင်ချီရှိတယ်”ဟု စလင်း ဒေသခံတောင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြော သည်။
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် စလင်းချောင်းရေ မြင့်တက်လာ၍ စလင်းရှိ ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ယင်းဒေသမှ စိုက်ပျိုးထားသည့် ပဲ၊ နှမ်းစိုက်ခင်းအပါအ၀င် စိုက်ပျိုးမြေများ ပျက်စီးခဲ့ကာ ကျပ်သိန်းပေါင်း ထောင်ချီ၍ ဆုံးရှုံးမှုများရှိကြောင်း သိရသည်။
ထို့အတူ မကွေးတိုင်း ပေါက်မြို့နယ်တွင် ရေနစ်မြုပ်မှုကြောင့် စိုက်ပျိုးမြေလယ်ဧက ရာကျော်ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ယင်းဒေသတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ၀င်ရောက်မှုများကြောင့် ဒေသခံများမှာအိုးအိမ်နှင့် လယ်ယာမြေများကို စွန့်၍ ထွက်ပြေးတိမ်း ရှောင်နေရခြင်းကြောင့် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း ပေါက်မြို့မှ စစ်ရှောင်တစ်ဦးထံက သိရသည်။
“စစ်တပ်က ရွာကို ခဏခဏစစ်ကြောင်းထိုး၀င်လာပြီး မီးရှို့တယ်၊ ပစ္စည်းတွေသိမ်းတယ်၊ အဲဒါအပြင်တွေ့တဲ့သူကိုပါ သတ်နေတော့ အိမ်တွေ၊ လယ်တွေထားခဲ့ပြီး မသေအောင် ထွက်ပြေးကြရတာ။ ခုဆို လချီနေပြီ။ မုန်တိုင်းကပါတိုက်ပြီး ရေတွေပါဆက်ကြီးတော့ တစ်ပူပေါ် တစ်ပူဆင့်တာပေါ့”ဟု စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အလားတူ မုန်တိုင်းအရှိန်ကြောင့် မကွေးတိုင်း၊ ငဖဲမြို့ နယ်၌ မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး ဒေသခံ တောင်သူများ၏ နွားအကောင်ရေ ၃၀ ကျော် အအေးမိ၍ ယနေ့ မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။
Photo- မကွေး၊ စလင်းမြို့နယ်တွင် ချောင်းရေကြီးမှုကြောင့် နေအိမ်များရေနစ်မြုပ် နေမှုမြင်ကွင်း
#မကွေးတိုင်း #စလင်း# ပေါက်# ချောင်းရေကြီးမှု #လယ်မြေဧကထောင်ချီ #ရေနှစ်မြုပ်ပျက်စီး #Ayeyarwaddy_Times