နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁၆ ရက်
နိုင်ငံတကာအနေဖြင့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင် ပြည်နယ်ကို အရေးပေါ်အကူအညီများ ပေးအပ်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)က အားကိုးတကြီး အကူအညီတောင်းခံကြောင်း ယနေ့မေလ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ပေးအပ်လာသည့် အကူအညီများကိုလည်း လိုအပ်နေသော နေရာများဆီ အချိန်မီ ရောက်နိုင်ရန်အတွက် ULA/AA မှ ဖွဲ့စည်းထားသည့် လူသားချင်းစာနာ ထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)နှင့် ဆက်သွယ်၍ လုပ်ဆောင်ကြရန် မိုခါ ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ နှင့်ပတ်သက်၍ ယနေ့ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းက ရခိုင်ပြည်သူများသို့ ပြောကြားသည့် မိန့်ခွန်းတွင် ULA/AA ဥက္ကဌ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထည့်သွင်းပြောကြားခဲ့သည်။
“သဘာဝဘေးအန္တရာယ်ပြင်ဆင်ရေးကော်မတီ (သို့မဟုတ်) ပြည်သူအစိုးရကို စနစ်တကျဖွဲ့စည်းဖို့ မရှိသေးတဲ့ ကာလဖြစ်တဲ့အတွက် အကူအညီပေးမှုသည် ရောက်သင့်တဲ့နေရာကို မရောက် ၊ မရောက်သင်တဲ့နေရာကို စုပုံပြီးရောက်ရင် အလေ့အလွင့်ဖြစ်ပြီး ကြားက အလွဲသုံးစား အမြတ်ထုတ်တာတွေ ရှိနိုင်တယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။
နယ်မြေထိန်းချုပ်ဧရိယာများသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)နှင့် ဆက်သွယ်၍ ထောက်ပံ့ကူညီမည်ဆိုပါက ပြည်သူလူထုထံသို့ သက်ရောက်နိုင်ပြီး စစ်ကောင်စီဘက်မှ ပြုလုပ်သည့် ထောက်ပံ့ကူညီမှုများသည် အထက်အောက် ဖြတ်တောက်မှုများ၊ စားပေါက်ဖန်ခြင်းများ ရှိနိုင်သောကြောင့် လူထုထံသို့ ရောက်နိုင်လိမ့်မည် မဟုတ်ကြောင်းနှင့် မည်သည့်ဘက်က ထောက်ပံ့ကူညီပါစေ ရခိုင်ပြည်အတွက် အကျိုး ရှိသည်ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။
“ရခိုင်ဒေသမှာ စစ်ကောင်စီက ULA/AA လောက်တောင်မှ ထိန်းချုပ်နိုင်တဲ့ဧရိယာ မရှိသလောက်နည်းလာတယ်။ လက်တွေ့နယ်မှာဆိုရင် အကုန်လုံးလိုလို ULA/AA က ထိန်းချုပ်ထားတာဖြစ်တယ်။ ထိထိရောရောက် အကူအညီတွေ ပေးမယ်ဆိုရင် ULA/AA က ဖြစ်နိုင်တာပေါ့။ ပိုပြီးတော့ ကောင်းတာပေါ့” ဟု ဦးဖေသန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် လူနေအိမ်၊ ဘာသာရေး အဆောက်အအုံ၊ စေတီပုထိုး၊ စာသင်ကျောင်း၊ လမ်းမီးတိုင်၊ ဆက်သွယ်ရေး တာဝါတိုင်၊ အဓိကကျသော လူသွားလမ်းအချို့၊ ကျွဲ၊ နွားတိရစ္ဆာန်များ၊ ဆန်စ ပါးနှင့် အခြေခံစားသုံးကုန် ပစ္စည်းများမှာ တစ်ပြည်လုံးအတိုင်းအတာ အလွန်ဆိုးဝါးစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပြည်သူတချို့ သေဆုံးမှုများလည်းရှိသည်ဟု ULA/AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အမိုးအကာပစ္စည်းများ၊ သန့်ရှင်း သည့် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများအပါအဝင် တခြားအရေးပေါ် အကူအညီများ အရေးတကြီး လိုအပ်နေပြီး ဆက်သွယ်ရေးဆိုင်ရာ ဖုန်းနှင့် အင်တာနက်လိုင်းများ၊ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေသဖြင့် အကူအညီများ လိုအပ်နေသည်ဟု ULA/AA က ဆိုသည်။
ULA/AA မှ ဖွဲ့စည်းထားသည့် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)သည် လုပ်ငန်းစဥ်အသေးစိတ်ကို ချမှတ်ဆောင်ရွက် နေပြီး အခြေခံစားကုန်နှင့် အခြားကုန် ပစ္စည်းမျာကို ရောင်းဝယ်ဖောက်ကားနေကြသည့် ကုန်သည်များအနေဖြင့်လည်း ယခုလို ပြည်သူများ အခက်အခဲကြုံနေချိန်တွင် အခွင့်အရေးယူကာ အဆမတန် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မလုပ်ကြရန် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သတိပေးတိုက်တွန်းထားသည်။
ဓာတ်ပုံ – SHAN
#ရခိုင်ပြည်နယ် #မုန်တိုင်းကြောင့်ပျက်စီး #နိုင်ငံတကာ #အကူအညီများပေးရန် #ULA.AA #အကူအညီတောင်း #ဗိုလ်ချုပ်ထွန်းမြတ်နိုင် #Ayeyarwaddy_Times