ဧရာဝတီတိုင်းမ်
(ဒီးမော့ဆို)၊ မေလ ၁၆ ရက်
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် ယမန်နေ့နေ့လယ် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် KA၊ KNDF ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာသတင်းပြန်ကြားရေး – KnMICထံမှ သိရသည်။
စစ်ကောင်စီမှ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်အင်အား ၂၀၀ ကျော်ဖြန့်ကျက်ထားပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ကန်ခုနှစ်ဆင့်ဘက်ခြမ်းဒေသတွင် တော်လှန်ရေးတပ်ဖွဲ့များရှိရာသို့ စတင်ချဉ်းကပ်ခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိသော်လည်း အရေအတွက်ကိုမူ မြေပြင်အခြေနေအရ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။
“အဲ့ဒီဘက်မှာက သူတို့တို့(စကစ)အခြေပြုထားတဲ့စခန်းကုန်းတွေရှိတယ်။ ကျွန်တော်တို့လည်းရှိတယ်။ ရင်ဆိုင်ကုန်းတွေပေါ့။ အဲ့ကနေတိုက်ပွဲစဖြစ်တာ နေ့လယ်ကနေစဖြစ်တာ။ သူတို့ဘက်ကလက်နက်ကြီးပစ်တာတွေ၊ ခြေလျင်အနားကပ်လာတာကနေ တိုက်ပွဲစဖြစ်တယ်လို့ သိရတယ်။ အဲ့ဒီဘက်ခြမ်းမှာတော့ အင်အား ၇၀ လောက်ရှိမယ်” ဟု ကရင်နီစစ်ဘက်ဆိုင်ရာသတင်းပြန်ကြားရေးတာဝန်ရှိသူ ခူညေးရယ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး KAတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးသေဆုံးခဲ့ရကြောင်းလည်း သိရသည်။
ယခုအခါတွင် ဒီးမော့ဆိုမြို့နယ်ရှိ ခလရ ၁၀၂ တပ်ရင်းတွင် တပ်မ ၆၆ မှ ဗျူဟာမှူး၊ တပ်မမှူးမှရုံးထိုင်နေပြီး တပ်မ ၆၆ တပ်ရင်းတစ်ခုလုံးမှာ ကရင်နီဒေသအတွင်းရှိ ဖယ်ခုံ၊ မိုးဗြဲ၊ ဘောလခဲ၊ ဒီးမော့ဆို ဒေသများတွင် ဝင်ရောက်စစ်ဆင်ရေးလုပ်နေကြောင်းလည်း သိရသည်။
ထို့အပြင် စစ်ကောင်စီသည် ကရင်နီဒေသအတွင်း တပ်မ ၆၆ အပါအဝင် တပ်မ ၂၂၊ တပ်မ ၅၅၊ တပ်မ ၉၉ နှင့် ရှမ်းပြည်အခြေစိုက် အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂)မှ ထုတ်နှုတ်တပ်များ အသုံးပြုနေကြောင်းလည်း အဆိုပါတာဝန်သူထံမှ သိရသည်။
ကရင်နီဒေသတွင် ဧပြီလအတွင်း စစ်ကောင်စီတပ်များနှင့်ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မျာူ ထိတွေ့တိုက်ပွဲပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNDFမှ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – KNDF
#ဒီးမော့ဆို #တိုက်ပွဲ #စစ်ကောင်စီ #KNDF #KA #Ayeyarwaddy_Times