ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မေလ ၁၆ ရက်

တနင်္သာရီတိုင်း၊ ရေး-ထားဝယ် ကားလမ်းမကြီး မောင်မယ်ရှောင်ရွာ အရှေ့ပိုင်းရှိ ဘုန်းကြီးကျောင်းအနီးတွင် စခန်းဆောက်ရန်ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မေလ ၁၅ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

မေလ ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်ခန့် အချိန်က မောင်မယ်ရှောင်ရွာ ကျောက်စေ့ကုန်းဘုန်းကြီးကျောင်းအနီး တပ်ဖြန့်ပြီး စခန်းဆောက်ရန် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ် များကို ၄၀ မမ ဗုံးသီး၊ ၆၀ မမလက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အဲဒီပစ်ခတ်မှုမှာ ကျွန်တော်တို့ဘက်က ဒရုန်းဖြင့် ကင်းထောက်ကာလက်ဦးမှုရယူပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုက ၁ နာရီဝန်းကျင်ခန့် ကြာတယ်။ သူတို့ဖက်ကထိခိုက်ကျဆုံးမှုများတယ်”ဟု ဥသြစစ်ကြောင်း(ထားဝယ်မြို့နယ်)မှ PDF ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖက်က ၃ ဦးပွဲချင်းပြီးသေဆုံးသွားပြီး အပြင်းအထန်ဒဏ်ရာရှိသူများကို စစ်ဆေးရုံသို့ သယ်ယူသွားစဥ် ဆေးရုံပေါ်တွင် နောက်ထပ် ၁၅ ဦး ထပ်မံသေဆုံးသွားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းပစ်ခတ်မှုဖြစ်စဥ် အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များမှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဖြစ်တဲ့ ဥသြစစ်ကြောင်း(ထားဝယ်မြို့နယ်)နှင့် ထားဝယ်ခရိုင် တပ်ရင်း (၁) တပ်ခွဲ (၂) နှင့် Drone တပ်ဖွဲ့တို့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါသည်။

ဓာတ်ပုံ- ဥသြစစ်ကြောင်း(ထားဝယ်မြို့နယ်) ပြည်သူ့ကာကွယ်ရေးတပ်မှရဲဘော်များ

#ထားဝယ် #မောင်မယ်ရှောင် #စခန်း #ကင်းပုန်းဝပ် #စစ်ကောင်စီတပ် #PDF #သေဆုံး #Ayeyarwaddy_Times