ဧရာ၀တီတိုင်းမ်
မေလ ၁၆ ရက်

မိုခါ ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခံရမှုကြောင့် စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာကယ်ဆယ်ရေးစခန်းများမှ ဒုက္ခသည် ၅၀၀ နီးပါး သေဆုံးကြောင်း စစ်တွေမြို့နယ်တွင် ကူညီမှုများပြုလုပ်နေသူထံက သိရသည်။

ဒုက္ခသည်စခန်းများမှ လူ ၅၀၀ နီးပါးသေဆုံးပြီး ရာချီ၍ ပျောက်ဆုံးနေမှုများ လည်းရှိကာ သေဆုံးမှုတွင်သက်ရွယ်ကြီးသူများနှင့် ကလေးငယ်များ ပိုမိုများပြားကြောင်း သိရသည်။

“ဒီမနက်နဲ့ဆိုရင် သေဆုံးသူထပ်တိုးနိုင်တယ်။ မနေ့ ကတစ်နေကုန် အလောင်း တွေထွက်တာ မနည်းဘူး။ အားချင်းမြေမြုပ်ကြရတယ်။ သေဆုံးတာ ကလေးငယ် တွေပိုများတယ်။ ပြီးတော့မပြေးနိုင်တဲ့ လူကြီးတွေပေါ့။ ရွှေ့စရာနေရာမရှိကြ တာလည်း ပါတယ်။ ရေတွေတက်လာတော့ မပြေးနိုင်တော့ဘူး” ဟု မြေပြင်တွင် ကူညီနေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြော သည်။

သေဆုံးသူများမှာ ပင်လယ်ကမ်းစပ်အနီးတွင် နေထိုင်ကြသူမျာနှင့် ကယ်ဆယ်ရေး စခန်းများတွင်နေထိုင်သူများဖြစ်ပြီး ပြောင်းရွှေ့ရန် အသိပေးသော်လည်း လိုက်နာခြင်း မရှိကြသည့် အတွက် ယခုကဲ့သို့ သေဆုံးကြရခြင်းဖြစ်ကြောင်း သိရသည်။

“လေကတိုက်တာ လူပါလွင့်တယ်။ မုန်တိုင်းတိုက်လို့အရမ်းပြင်းလာတော့မှ လူတွေ ရောက်လာကြတာ။ လက်ဆင့်ကမ်း လူတွေဆွဲခေါ်ရတယ်။ မဟုတ်ရင် လေတိုက်ထဲ ပါသွားလောက်တယ် လူပါလွင့်နေတာ။ ကျောက်တော်လို၊ ရသေ့တောင်ဆိုရင် အပင်တွေတစ်ပင်မှ မရှိတော့ဘူး။ လိုက်နာမှု အားနည်းလို့ သေကြရတာ”ဟု မြေပြင်တွင် ကူညီနေသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော မြို့များကို မုန်တိုင်းဝင်ရောက်နိုင်သည့် အနီရောင် အဆင့်သတ်မှတ်ထားပြီး အနီရောင် အဆင့် သတ်မှတ်ထားသည့် မြို့နယ်၊ ရပ်ကွက် ၊ ကျေးရွာရှိ ဒေသခံများသည် မုန်းတိုင်းမဝင်မီ တစ်ရက်အလိုတွင် ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့သည်။

ထိုသို့ ရွှေပြောင်းရာတွင် ရွှေ့ပြောင်းစားရိတ်နှင့် နေထိုင်စားသောက်စာရိတ်များကို စစ်ကောင်စီခန့်ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျခံပေးမည်ဟု ဆိုထားသော်လည်း အမှန်တကယ် လုပ်ဆောင်ပေးခြင်း ရှိ၊ မရှိကိုမူ သိရှိရခြင်းမရှိပေ။

မိုခါမုန်တိုင်းကြောင့် ရခိုင်၊ နေပြည်တော်၊ စစ်ကိုင်း၊ ချင်း၊ ပဲခူး၊ မကွေး၊ ရန်ကုန်၊ မ‌န္တလေး၊ ဧရာ၀တီတိုင်းတို့တွင်လူနေအိမ် ၁၀၈၅ လုံးပျက်စီးခဲ့ပြီး လူ ၅ ဦးသေဆုံးကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ယခု လူ ၅၀၀ သေဆုံးသူသည် စစ်တွေမြို့နယ်တစ်ခုတည်း သာဖြစ်ပြီး ကျန်မြို့နယ်ရှိ စစ်ဘေး ရှောင်စခန်းနှင့် ရပ်ကွက်များမှ ထိခိုက်သေဆုံးမှုများကို အတိမကျ မသိရှိရသေးပေ။
ဓာတ်ပုံ-ပေးပို့
ပုံစာ-စစ်တွေမြို့နယ်ရှိ ရိုဟင်ဂျာ ကယ်ဆယ်ရေးစခန်းတစ်ခုမှ သေဆုံးသူအချို့နှင့် အပျက်အစီးများကိုတွေ့ရစဉ်
#ရခိုင်ပြည်နယ် #စစ်တွေမြို့ #စစ်ရှောင်စခန်း #မိုခါမုန်တိုင်း #သေဆုံးသူ၅၀၀ #Ayeyarwaddy_Times