ဧရာဝတီတိုင်းမ်
မေလ ၁၆ ရက်
မနေ့ကပြုလုပ်တဲ့ ထိုင်း အထွေထွေရွေးကောက်ပွဲမှာ ပညာတတ်လူငယ်တွေဉီးဆောင်တဲ့ နိုင်ငံရေးပါတီ တေွ အနိုင်ရရှိခဲ့တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုမှသည် မြန်မာ့အရေးအထိ အာဆီယံဒေသအတွက် ဂယက် ရိုက်ခတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာနိုင်ပါတယ်။
ရွေးကောက်ပွဲရလဒ်တွေအရ Move Forward ပါတီက မျှော်မှန်းထားတာထက် အောက်လွှတ်တော်မှာ အမတ်နေရာ ၁၅၁ နေရာ အနိုင်ရရှိခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ သမီးဖြစ်သူ ပေတန် ထောင်ရှင်နာဝပ်ထရာ ဉီးဆောင်တဲ့ Pheu Thai ပါတီက အမတ်နေရာ ၁၄၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။
“ရွေးကောက်ပွဲရလဒ်ဟာ ထိုင်းပြည်သူတွေ နိုးထလာပြီဆိုတာနဲ့ ဒီမိုကရေစီအစိုးရတစ်ရပ် အလိုရှိတယ် ဆိုတာ ပြသနေတယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) မှ ချားလ်ဆန်တီယာဂိုက ပြောပါတယ်။
APHR က Move Forward ပါတီနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ အဆုံးသတ်စေဖို့ရည်ရွယ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ခိုင်မာတဲ့ရပ်တည်ချက်ရှိပြီး အာဆီယံဒေသကို ဂယက်ရိုက်နေတဲ့ စစ်အာဏာရှင်အစိုးရတွေကို ရှင်းလင်းပြတ်သားတဲ့ သတင်းစကား ပေးပို့ မယ်လို့ သူက ဆိုပါတယ်။
“Move Forward ပါတီက ထိုင်းအစိုးရခေါင်းဆောင်ဖြစ်လာရင် မြန်မာနဲ့ဆက်ဆံရေး ပြောင်းလဲသွားပြီး အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက်လည်း ပြောင်းလဲသွားပါလိမ့်မယ်။ မြန်မာ့အရေး မြန်မြန်ဆန်ဆန် အဖြေရှာနိုင်မယ် လို့ ကျွန်တော်ထင်ပါတယ်” လို့ သူက ဆိုပါတယ်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့ကြား ဗုဒ္ဓဘာသာနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာ အိုနဲ့ ဗီယက်နမ်တို့လို အာဏာရှင်နိုင်ငံတွေက တရုတ်နိုင်ငံဘက်ကို ယိမ်းယိုင်တာကြောင့် သဘောထားကွဲလွဲမှု တွေ ဖြစ်နေပါတယ်။
အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေက တရုတ်နိုင်ငံနဲ့ ရေကြောင်းအငြင်း ပွားမှုတွေ ဖြစ်ပွားနေပြီး မြန်မာစစ်ကောင်စီအပေါ် တင်းမာတဲ့ရပ်တည်ချက် ရှိပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီအပေါ် အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့က တင်းမာတဲ့ရပ်တည်ချက်တွေ ပြသခဲ့ပါတယ်။
လက်ရှိဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာလက်ထက်မှာ ထိုင်းနိုင်ငံက နေပြည်တော်က အာဏာသိမ်းစစ်ဗိုလ် ချုပ်ကြီးတွေနဲ့ နီးကပ်တဲ့ဆက်ဆံရေး ထိန်းသိမ်းထားတယ်လို့ စွပ်စွဲခံနေရပါတယ်။
ဓာတ်ပုံ/ကိုးကား – VOA
Ref; Victory by Move Forward in Thailand Could Move ASEAN