နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁၅ ရက်
အာဏာသိမ်း စစ်ကောင်စီ စစ်ကြောင်းသည် တိုက်ခိုက်ခံရမည်ကို ကြောက်လန့်ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသော ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌဖြစ်သူ ပဒိုစောဆဲဂေ၏ ညီနှင့်တူဖြစ် သူအပါအဝင် အမျိုးသား ၇ ဦးကို မိနစ်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အင်အား ၅၀ ဦးခန့်ရှိ စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ မေလ ၁၄ ရက်၊ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ ရေတွင်းကုန်းကြီးကျေးရွာကို ဝင်ရောက်ခဲ့ပြီး KNU ဒုတိ ယဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ညီ စောသာဂေနှင့် တူဖြစ်သူအပါအဝင် ဒေသခံအမျိုးသား ၇ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“သူတို့(စကစ)က နတ်သံကွင်း စိန်ပန်းကျောင်းကနေ ရေတွင်းကုန်းကြီးရွာကို လာတယ်။ ရွာအလယ်ကို ဝင်တဲ့အချိန်မှာ သူတို့(KNU ဒုတိယဥက္ကဋ္ဌ မိသားစုဝင်အိမ်)အိမ်ကလည်း ရွာအလယ်မှာ ရှိတယ်။ သူတို့(စကစ) ရွာမှာ နှစ်နာရီလောက်နေပြီး အခြေအနေကလည်း မဟန်မှန်းသိတော့ အဲဒီ ၇ ယောက်ကို ဖမ်းပြီးပြန်ထွက်သွားတယ်။ ဒုတိယဥက္ကဋ္ဌရဲ့ ညီမှန်းတူမှန်းလည်း မသိဘဲနဲ့ ခေါ်သွားတာ” ဟု အသက် ၃၀ နှစ်ကျော် ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ရွာဖြစ်ပြီး ၎င်းသည် KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ပြီးခဲ့သည့် မတ်လဆန်းက ကျင်းပခဲ့သည့် ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်တွင် ဒုတိယဥက္ကဋ္ဌအပြင် ကာကွယ်ရေးဌာန ဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူရန် ရွေးကောက်တင်မြှောက်ခံရသည်။
“သူတို့(စကစ)စစ်ကြောင်းက အချိန်တန်တော့ ပြန်ဖို့ကျ လမ်းမှာ KNU တို့ PDF တို့ကို ကြောက်ပြီးတော့ ရွာသားတွေကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားတာ။ ဒုတိယဥက္ကဋ္ဌရဲ့ အဖေဆိုတာ မဟုတ်ပါဘူး။ သူ့အဖေက ဆုံးတာကြာပြီလေ။ သူ့ညီနဲ့ သူ့တူ ပါ ၇ ဦးကို ဖမ်းသွားတာပါ။ သူတို့အခြေစိုက်တဲ့ စိန်ပန်းဘုန်းကြီးကျောင်းရောက်ပြီး နာရီဝက်လောက်နေတော့ ပြန်လွှတ်ပေးလိုက်တယ်။ သူတို့ကို ဘာမှမလုပ်ဘဲ ပြန်လွှတ်ပေးတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ကျောက်ကြီးမြို့နယ်အပါအဝင် ပဲခူးတိုင်းအရှေ့ခြမ်းရှိ ညောင်လေးပင်ခရိုင်သည် စစ်ကောင်စီတပ်နှင့် KNU ၊ PDF တို့ တိုက်ပွဲပြင်းထန်နေသည့် ဒေသတစ်ခုဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်နေကာ စစ်ကောင်စီ စစ်ကြောင်းများသည် ကျေးရွာများသို့ လှည့်လည်စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပုံစာ – KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောဆဲဂေ (ဓာတ်ပုံ – KNU)
#Ayeyarwaddy_Times