ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ မေလ ၁၅ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတွင် စစ်ကောင်စီတပ်ထံ ထောက်လှမ်းသတင်းပေးဆိုသူတစ်ဦးကို ယမန်နေ့ မေလ ၁၄ ရက် နေ့လည် ၂နာရီခွဲအချိန် ခန့်က ပစ်သတ်ခံရကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ပစ်သတ်ခံရသူဟာ ပကာရီ ကျေးရွာသား အသက် ၂၈ နှစ်ဝန်းကျင်ခန့်ရှိသူ ကိုနေမင်း (ခ) ခေါင်းကီး ဆိုသူဖြစ်ပြီး ၎င်းမှာ စစ်ကောင်စီတပ်နှင့် အဆက်အသွယ်ရှိသူဖြစ်ကြောင်း ထားဝယ်စုပေါင်းစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

“သူက ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေကို အမြဲဒုက္ခပေးနေတဲ့သူပါ။ စစ်ကောင်စီတပ်နဲ့ အမြဲအဆက်အသွယ်ရှိသူပေါ့။ ရွာကို စစ်တပ်ကို စစ်ကြောင်းထိုးရင် အဲဒီစစ်ကြောင်းမှာသူပါပြီး လမ်းပြအဖြစ်လုပ် ဆောင်ပေးသူတစ်ဦးဖြစ်သည်”ဟု ထားဝယ်စုပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်စုပေါင်းစစ်ကြောင်း နှင့် ဥသြ စစ်ကြောင်းမှ ပြည်သူ့ကာကွယ်ရေးတပ်တွေက ရာဘာ ခြံတစ်ခုမှာ သွားရောက်ဖမ်းဆီးစစ်ဆေးပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးပစ်ခတ်မှုကို ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column)နဲ့ ဥဩစစ်ကြောင်းတို့ကပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

#ထားဝယ် #ပကာရီ #စစ်ထောက်လှမ်းရေး #သတင်းပေး #အသတ်ခံရ
#Ayeyarwaddy_Times