ဧရာဝတီတိုင်းမ်
(မတူပီ)၊ မေလ ၁၅ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် မတူပီမြို့ပေါ်နှင့် ဖနိုင်ကျေးရွာတို့တွင် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၅၀၀ ကျော်ပျက်စီးသွားကြောင်းသိရသည်။

မတူပီမြို့ပေါ်တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် စန်ဘောင်ရပ်ကွက်ရှိ နေအိမ်တစ်ချို့ပျက်စီးခဲ့ပြီး စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများက ပျက်စီးမှုအခြေအနေများကို လိုက်လံစစ်တမ်းကောက်နေကြောင်းဒေသခံများက ပြောဆိုသည်။

“လေမုန်တိုင်းက ဘုံတလာရေတံခွန်ဘက်ကနေ တိုက်လာတာပါ။ ဖနိုင်ကျေးရွာမှာတော့ ဘုရားကျောင်း ၄ ကျောင်းနဲ့ စာသင်ကျောင်းတွေအပါအဝင် နေအိမ် ၂၀၀ ကျော်ပျက်စီးသွားပါတယ်။ မပျက်စီစဘဲ ကျန်နေတဲ့ အိမ်တွေကတော့ တိုက်အိမ်တွေပါပဲ။ ၁၀ အိမ်ကျော်ကျော်ပဲ ကျန်တယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် မီဇိုးရမ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသော ငလိုင်ကျေးရွာ၊ လုံလှော၊ ကီလှုမ်း၊ ကစဲ၊ သီပေါ၊ ခွာငန်းရွာနှင့် ဘွေထီယားကျေးရွာတို့တွင်လည်း မိုခါမုန်တိုင်းကြောင့် လူနေအိမ်အများအပြားပျက်စီးသွားကြောင်းဒေသခံများ၏ ပြောကြားချက်အရသိရသည်။

“ဘွေထီယားကျေးရွာမှာ အိမ်ခြေ ငါး အိမ်ပဲကျန်တော့တယ်။ ကျန်တဲ့ ကျေးရွာတွေမှာလည်း ပျက်စီးသွားတဲ့ နေအိမ်တွေ များတယ်။ ကျေးရွာခံတွေက အကုန်လုံးစစ်ရှောင်နေကြတော့ ပြန်လည်ပြုပြင်ပေးမယ့်သူ မရှိဘူး”ဟု အသက် ၃၀ အရွယ်ဘွေထီးယားကျေးရွာခံအမျိုးသားတစ်ဦးက ဆိုသည်။

မတူပီမြို့နယ်တွင် မုန်တိုင်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုအလွန်အားနည်းခဲ့ပြီး စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာက မြို့ပေါ်တစ်ခုကိုသာ ကြိုတင်ပြင်ဆင်မှုတချို့ပြုလုပ်ခဲ့ကြောင်းဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

မတူပီမြို့နယ်တွင် ဖုန်းလိုင်းများပြတ်တောက်ခံထားရသည့်အပြင် မြို့အဝင်/အထွက်ကို စစ်ကောင်စီတပ်က ပိတ်ပင်ထားသည့်အတွက် မုန်တိုင်းကြောင့် ပျက်စီးမှုအရေအတွက်များကိုမူ ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ရန် ခက်ခဲနေသည်။

ဓာတ်ပုံ -Myanmar Fire ServicesDepartment(ဖနိုင်ရွာမုခ့်ဦးနှင့် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာက မတူပီမြို့မှာ ကြိုတင်ပြင်ဆင်မှုအတွက် စုရပ်ပြုလုပ်နေပုံ)
#ချင်းပြည်နယ် #မတူပီမြို့ #ဖနိုင်ကျေးရွာ #မုန်တိုင်းတိုက်ခတ် #ဘုရားကျောင်း #ပြည်သူနေအိမ်အများအပြားပျက်စီး
#Ayeyarwaddy_Times