ဧရာ၀တီတိုင်းမ်
မေလ ၁၅ ရက်
ယမန်နေ့ မေလ ၁၄ ရက်နေ့၊ နေ့လယ်ပိုင်းမှ စတင်တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ၊ စစ်တွေမြို့မှာ ၉၅ ရာခိုင်နှုန်း ထိခိုက်ပျက်စီးမှုများရှိခဲ့ ကြောင်း စစ်တွေဒေသခံများထံက သိရသည်။
“တော်တော်ပျက်ဆီးသွားတာ။ ရပ်ကွက်တိုင်းလိုလို နေအိမ်တွေအကုန်ပျက်စီးတယ်။ မီးတိုင်တွေလဲတယ်။ ခေါင်လန်တာတွေ၊ အိမ်ပြိုကျတာတွေရောပေါ့။ အမှိုက်ပုံကြီး လိုဖြစ်နေတဲ့ ရပ်ကွက်တွေတောင် ရှိတယ်”ဟု စစ်တွေမြို့ လမ်းမတောင်ရပ်ကွက် နေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တွေမြို့ရှိ ကမ်းနားလမ်းတစ်လျှောက်နှင့် မင်းဂံ၊ ကျေးတော၊ ပိုက်ဆိပ်၊ စံပြ၊ ကုန်တန်း၊ လမ်းမကြီး၊ မင်းဗာကြီးလမ်း၊ သဘ်ောဆိပ်၊ ကိုရီးယားဆိပ်ကမ်း၊ ရွှေပြား၊ လမ်းမတောင်ရပ်ကွက်ရှိ နေအိမ်များအား လုံးနီးပါး ပြိုကျပျက်စီးခဲ့ကြောင်း မြေပြင်တွင် ကူညီ နေသူများထံက သိရသည်။
“ခုလမ်းတွေရှင်းနေကြတာ။ မြို့ပျက်ကြီးလိုဖြစ်သွားတာ။ ဆေးရုံ၊ ဆေးခန်းတွေရော ကျောင်းတွေရော အကုန်လုံးပဲ။ အကောင်းတိုင်းကျန်တာဘာမှမရှိဘူး။ အိမ်ပြိုပြီးထိ တဲ့သူ၊ သစ်ပင်၊ သစ်ကိုင်းကျိုးကျလို့ ထိမိတဲ့သူရှိတယ်။ အခြားသေတဲ့သူတွေရှိတယ်လို့ ကြား တယ်” ဟု မြေပြင်တွင် ကူညီနေသူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်တွေမြို့ပေါ်ရှိ ရက်ကွက် (၃၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၀) အားလုံးနီးပါး ပျက်စီးခဲ့ပြီး ဌာနဆိုင်ရာရုံးများပါမကျန် ထိခိုက်ပျက်စီးခဲ့သည်ဟု ၎င်းကဆိုသည်။
စစ်ကောင်စီက မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ခြောက် ဦးအထိရှိပြီး လူနေအိမ် ၈၆၄ လုံး၊ သာသနိကအဆောက်အဦ ၁၁ လုံး၊ ဘုန်းကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ခုနစ် ခု၊ ဓာတ်တိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာရုံး ၃၈ လုံး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မုန်တိုင်းကြောင့် သေဆုံးသူများမှာ စစ်တွေမြို့နယ်မှ ဆင်ကူးလမ်းမှတစ်ဦး၊ ရဲတပ်ရင်း မှတစ်ဦး၊ မင်းဂန်း တောမှတစ်ဦး၊ စွန်ရဲမှတစ်ဦးဖြစ်ပြီး စုံစမ်းအတည်ပြု မရသေး သည့်တစ်ဦး စုစုပေါင်း ငါး ဦးသေဆုံးကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံက သိရသည်။
ရခိုင်ပြည်နယ်မှ စစ်တွေအပါအ၀င် မြို့နယ် ၁၇ ခုကို သဘာ၀ဘေး အန္တရာယ်ကျ ရောက်သော ဒေသများအဖြစ် စစ်ကောင်စီမှ ကြေညာခဲ့သည်။ အဆိုပါ မြို့များမှာ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော ၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ မြို့နယ်တို့ဖြစ်သည်။
အားကောင်းသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၁၄ ရက်က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို တစ်နာရီ လေတိုက်နှုန်း ၁၂၅ မိုင်ဖြင့် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။
Photo- စစ်တွေမြို့ပေါ်ရှိ ပျက်စီးမှုနှင့် လူသေဆုံးမှု
#ရခိုင် #စစ်တွေ #ပျက်စီးမှု #မိုခါ #မုန်တိုင်း #လူသေဆုံး #Ayeyarwaddy_Times