ဧရာ၀တီတိုင်းမ်
မေလ ၁၄ ရက်
မကွေးတိုင်း၊ စလင်းချောင်း၏ တောင်ကျရေကြောင့် စလင်း-ဆင်ဖြူကျွန်းရှိ ကျေးရွာ ၂၀ ကျော်ရှိ နေအိမ်များအားလုံး ရေနစ်မြုပ်သွားပြီဖြစ် ကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ မေလ ၁၄ ရက်နေ့ ညနေပိုင်းအချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ၀င်ရောက်တိုက်ခတ်လာသည့် စူပါဆိုင်ကလုန်းမုန်တိုင်းသည့် မကွေးတိုင်းဘက်သို့ ဆက်လက်ရွေ့လျား တိုက်ခတ်မှုကြောင့် ယခုကဲ့သို့ နစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
“စလင်းချောင်းတစ်လျှောက်က ကျေးရွာတွေအကုန် ရေမြုပ်နေပါပြီ။ တစ်ထပ် အိမ်တွေပေါ့။ အခု အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ အသက်လွတ်အောင်ထွက် ပြေးနေရ တာပါ။ ကျေးရွာအတွင်း ပိတ်မိနေတဲ့သူတွေ လည်းရှိပါတယ်။ အကူအညီတွေ လိုအပ်နေပါတယ်ဗျာ” ဟု စလင်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိ ဧရာ၀တီတိုင်းမ်သတင်းဌာနမှ ရရှိသည့်သတင်းအရ ရေနစ်မြုပ်နေသည့် ကျေးရွာများမှာ ကျီးသိုက်၊ နောင်တော်ကြီး၊ ကညှပ်၊ ပေါင်းဆည်၊ ယမ်းဘိုကုန်း၊ နွယ်တမယ်၊ ဥယျာဉ်စု၊ ခရေကုန်းတို့ဖြစ်ပြီး ကျေးရွာ ၂၀ ကျော်နစ်မြုပ်နေကြောင်း သိရသည်။
မိုခါ စူပါဆိုင်ကလုန်းမုန်တိုင်း၏ ဗဟိုချက်သည် ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ကာ မတူပီမြို့အနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒမှ ညွှန်ကြားမှု ဦးစီး ဌာနက သိရသည်။
မုန်တိုင်းဗဟိုချက် ဖြတ်ကျော်ဝင်ရောက်သွားပြီဖြစ်သော်လည်း မုန်တိုင်းဖွဲ့စည်းမှု တစ်ခုလုံး ဝင်ရောက်ခြင်းမဟုတ်ဘဲ မုန်တိုင်း၏ အမြီးပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း ဆက်လက် ဖြတ်ကျော် ဝင်ရောက်နေဆဲ ဖြစ်သည့်အတွက် မကွေးတိုင်းအတွင်း လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ဝန်းကျင်ဖြင့် ယနေ့ ညပိုင်းအထိ ဆက်လက်တိုက်ခတ်နေဦးမည် ဖြစ်သည့်အပြင် မုန်တိုင်း ဒီရေမှာလည်း ဆက်လက်ဝင်ရောက်နေဦးမည့်အခြေအနေဖြစ်ကြောင်း သိရသည်။
Photo – စလင်းမြို့နယ်ရှိ ကျေးရွာများရေနစ်မြုပ်နေစဉ်
#မကွေး #စလင်းချောင်း #ကျေးရွာ၂၀ကျော် #ရေနစ်မြုပ် #မိုခါ #စူပါဆိုင်ကလုန်း #Ayeyarwaddy_Times