နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁၄ ရက်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်အဖြစ်မှ မေလ ၈ ရက်နေ့က နုတ်ထွက်ခဲ့သည်။
မွန်ပြည်သစ်ပါတီ (NMSP) နုတ်ထွက်မှုသည် လက်ရှိနိုင်ငံရေး အခင်းအကျင်းပေါ် မူတည်နိုင်သည်ဟု ထင်မြင်မိကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
“တင်းပြည့်ကျပ်ပြည့်ကနေပြီး ပူးပေါင်းအဖွဲ့အနေနဲ့ ဆက်လက်ရပ်တည်ဖို့ အဲလိုမျိုး တင်ပြတာတို့၊ ဆွေးနွေးဆုံးဖြတ်တာတို့က အခုမှရယ်တော့ မဟုတ်ပါဘူး။ အရှေ့မှာလည်း ကျွန်တော်တို့က ၁၀ ဖွဲ့ ကနေ ၇ ဖွဲ့က တင်းပြည့် ကျပ်ပြည့်၊ ၃ ဖွဲ့က ပူးပေါင်းအဖွဲ့အနေနဲ့ စုဖွဲ့မှုတွေရှိပါတယ်။ ဆိုတော့ကာ ဒီကိစ္စကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးတာတို့ဘာတို့က ပြီးခဲ့တဲ့ ၃ ဖွဲ့ရဲ့ အခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင် အဲဒီတုန်းက စစ်ကောင်စီနဲ့ ဆွေးနွေးတာတွေဘာတွေ မရှိသေးဘူး။ အဓိက ကျွန်တော်ပြောချင်တာကတော့ လက်ရှိနိုင်ငံရေး အခင်းအကျင်းပေါ်မှာလည်း မူတည်မယ်ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)တွင် လက်ရှိ တင်းပြည့်ကျပ်ပြည့် ပါဝင်မှုကနေ ပူးပေါင်းအဖွဲ့အနေဖြင့်သာပါဝင်ရန် ပြီးခဲ့သည့် မေလ ၈ ရက်က စာတင်လာခဲ့ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်ထံမှ သိရသည်။
မွန်ပြည်သစ်ပါတီ (NMSP)သည် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့ပြီး ကျန်ရှိသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၈ ဖွဲ့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထိုအဖွဲ့များဖြင့် PPST ကို ဖွဲ့စည်းခဲ့ကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလဆန်းကပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေးတွင် တင်းပြည့်ကျပ်ပြည့်ပါဝင်မှုမှ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/ SSA)တို့ နုတ်ထွက်ကာ ပူးပေါင်းအဖွဲ့အဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။
“PPST ကနေ လွတ်လွတ်ကျွတ်ကျွတ် တစ်ခါတည်း နုတ်ထွက်သွားတယ်လို့တော့ ကျွန်တော်တို့ နားမလည်ဘူး၊ PPST ရဲ့ တင်းပြည့်ကျပ်ပြည့် ပါဝင်နေတဲ့ အခြေအနေကနေပြီးတော့ အခုတင်ပြစာအရဆိုရင် တင်းပြည့် ကျပ်ပြည့် မဟုတ်တော့ဘဲ ပူးပေါင်းအဖွဲ့အနေနဲ့ ဆက်လက်ပြီးတော့ ပါဝင်ဖို့ဆိုတာမျိုးပါ” ဟု PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)၏ ယာယီခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ်က တာဝန်ယူခဲ့ရာမှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၃ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံဆုံးဖြတ်ချက်အရ မွန်ပြည်သစ်ပါတီ (NMSP) ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းသည် PPST အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)ကို တပ်ပေါင်းစုတစ်ခုအဖြစ် စုဖွဲ့ထားခြင်းမျိုး မဟုတ်သလို သာမန်အားဖြင့် အဖွဲ့အစည်းတစ်ခု၏ ကိုယ်ပိုင် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ကို အသိအမှတ် ပြုလေ့ရှိသော်လည်း အဖွဲ့အစည်းတစ်ခု၏ စုဖွဲ့မှုဆိုင်ရာ ကိစ္စရပ်ဖြစ်စေ၊ အပြောင်း အလဲ ပြုလုပ်သည့် ကိစ္စရပ်ဖြစ်စေ အစဉ်အလာအရ ထိပ်သီးခေါင်းဆောင် အစည်းအဝေးခေါ်၍ ဆွေးနွေးညှိနှိုင်းကာ ဆုံးဖြတ်လေ့ရှိကြောင်း ၎င်းက ပြောသည်။
အဆိုပါ NCA လက်မှတ်ထိုးထားသည့် ၁၀ ဖွဲ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/ SSA)တို့ဖြစ်သည်။
ဓါတ်ပုံ – NCA-S EAO