ဧရာဝတီတိုင်းမ်
(မတူပီ)၊ မေ ၁၄ ရက်

ချင်းပြည်နယ် မတူပီမြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေး အကြောင်းပြ၍ မုန်တိုင်းကာလ အတွင်းမှာပင် မြို့အဝင် အထွက်များကို ဆက်လက် ပိတ်ပင်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက မတူပီမြို့တွင်းတွင် မုန်တိုင်းနှင့် ပတ်သက်ပြီး ကြိုတင် ကာကွယ်မှုများ လုပ်ဆောင် ထားသော်လည်း ကျေးလက်ဒေသများတွင် မပြုလုပ်နိုင်ကြောင်းလည်း ဒေသခံများက ပြောကြားသည်။

“MEC ဖုန်းလိုင်းကိုတော့ မေ ၁၂ ရက်နေ့၊ ညပိုင်းကနေ ဖွင့်ပေးထားပေမယ့် မြို့အဝင် အထွက်ကိုတော့ ပိတ်ပင်နေဆဲပါ။ တကယ်လို့ ကျေးလက်ပြည်သူတွေ မုန်တိုင်းဒဏ်ကြောင့် တစ်ခုခုဖြစ်ပြီး မြို့ထဲဆေးရုံကို လာမယ်ဆိုရင် အခက်ကြုံကြမှာ ပေါ့”လို့ အသက် ၅၆ အရွယ်ဒေသခံ အမျိုးသားကြီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မုန်တိုင်းဖြစ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် အတွက် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက မြို့တွင်း ရပ်ကွက် အလိုက် စုရပ်များတော့ ပြုလုပ်ထားသည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့မှ စတင်ပြီး မတူပီမြို့တွင် “မိုခါ” မုန်တိုင်း အရှိန်နှင့် လက်ရှိအချိန်အထိ မိုးအဆက်မပြတ် ရွာသွန်းနေပြီး မြေပြိုခြင်း၊ ရေကြီးခြင်းများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်း ပြောဆိုမှုများလည်း ရှိသည်။

အဆိုပါ မုန်တိုင်းသည် ချင်းပြည်နယ် အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် ဆီသို့ အားအလွန် ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” အနေဖြင့် ဆက်လက် ရွေ့လျားနိုင်ကြောင်းလည်း သိရသည်။

မေလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့ မြောက်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား အရှေ့အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသည့် အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” (MOCHA) သည် အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က မနက် ၁၀ နာရီခွဲအချိန်မှာ ထုတ်ပြန်သည်။

အဆိုပါ “မိုခါ” မုန်တိုင်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၀၀ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၁၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ ၏ အနောက်မြောက်ဘက် ရေမိုင် ၂၄၀ ခန့်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၅၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟုလည်း ဆိုသည်။

မုန်တိုင်း၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း ဒေသများကို စစ်တွေမြို့ အနီးမှ စတင်ဖြတ်ကျော် ဝင်ရောက်လျက် ရှိသဖြင့် အညိုရောင် အဆင့်ဟုလည်း မိုး/ဇလ က သတ်မှတ်ထားသည်။

“မိုခါ” မုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း မြန်မာ စံတော်ချိန် မနက် ၉ နာရီခွဲ အချိန်တွင် မြောက်လတ္တီကျု ၁၉ ဒသမ ၀ ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု ၉၁ ဒသမ ၆ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား ၉၃၈ ဟက်တိုပါစကယ် နှင့် အမြင့်ဆုံး လေတိုက်နှုန်း ၁ နာရီ မိုင်၁၃၀ မှ ၁၃၇ မိုင်နှုန်းခန့် ဖြစ်ကြောင်းလည်း မိုး/ဇလ က ဖော်ပြသည်။

ရခိုင် ကမ်းရိုးတန်း ဒေသများကို စတင်ဖြတ်ကျော်လျက်ရှိကာ၊ မုန်တိုင်း၏ ဗဟိုချက်သည် နေ့လယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇားမြို့နှင့် ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော် ဝင်ရောက်နိုင်သည် ဟုလည်း ဆိုသည်။

ထို့နောက် မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် ဆီသို့ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” အနေဖြင့် ဆက်လက် ရွေ့လျားနိုင်ကြောင်း ခန့်မှန်းရသည်ဟုလည်း မိုး/ဇလ က ဖော်ပြထားသည်။