ဧရာဝတီတိုင်းမ်
မေလ ၁၄ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ မေလ ၁၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်က စတင်ကာ ဆက်သွယ်ရေး ဖုန်းလိုင်းအားလုံး ပြတ်တောက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆက်သွယ်ရေးလိုင်းတွေအားလုံးပြတ်တောက်သွားတဲ့အပြင် မုန်တိုင်းအတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် ပေးထားတဲ့ ဖုန်းတွေပါ ဆက်သွယ်မရဖြစ်နေလို့ နေအိမ်တွေထဲ ပိတ်မိ နေတဲ့ ဒေသခံတွေလည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

“ ကျွန်တော်အမျိုးတွေကို ဆက်တာ ဖုန်းဆက်မရတော့ဘူး၊ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို ဆက်တာလည်း မရတော့ဘူး၊ ကျွန်တော်ဆက်တဲ့အထဲမှာ CDMA ဖုန်းလိုင်းပဲမပါတာ၊ ကျန်တဲ့ အော်ပရေတာတွေ အကုန်လုံးဖုန်းလိုင်းမရတော့ဘူး”လို့ စစ်တွေမြို့ဇာတိ၊ ရန်ကုန်မြို့နေ အမျိုးသားတစ်ဦးက ဧရာဝတီ တိုင်းမ်ကို ပြောပါတယ်။

စစ်တွေမြို့နားကနေ မုန်တိုင်းဖြတ်ကျော်ပြီးနောက်ပိုင်း ဒီရေတက်လာတာကြောင့် နေအိမ်တွေထဲ ပိတ်မိ နေတဲ့သူတွေကို ကယ်ထုတ်ပေးဖို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဖုန်းတွေကို ဆက်သွယ်ချိန်မှာလည်း ဆက်သွယ်မရတော့ဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမ်သတင်းဌာနအနေနဲ့လည်း စစ်တွေမြို့ခံ ပရဟိတအသင်းအဖွဲ့တွေရဲ့ ဆက်သွယ်ဖို့ ပေးထားတဲ့ ဖုန်းတွေကို ဆက်သွယ်မေးမြန်းချိန်မှာလည်း ဖုန်းတွေအားလုံး ဆက်သွယ်လို့မရတော့ပါဘူး။

စစ်တွေမြို့အနီးကို မုန်တိုင်းနောက်တစ်ကြိမ်ထပ်မံဝင်ရောက်မှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ အားလုံး ကြိုတင်ပြင်ဆင်ဖို့အတွက်လည်း မိုးလေဝသပညာရပ်လေ့လာသုံးသပ်သူ ဆရာ ဦးဝင်းနိုင်က သတိပေး ပြောဆိုထားပါတယ်။

#စစ်တွေမြို့ #ဖုန်းလိုင်းအားလုံးပြတ်တောက် #Ayeyarwaddy_Times