ဧရာ၀တီတိုင်းမ်
မေ ၁၄ ရက်
မိုခါစူပါဆိုင်ကလုန်းမုန်တိုင်းသည် စစ်တွေမြို့နီး မိုင် ၃၀ အကွာသို့ ထပ်မံ ရောက်ရှိလာပြီဖြစ်ပြီး လက်ရှိတွင် စစ်တွေ မြို့အတွင်း ဒီရေများ၀င်ရောက်မှုကြောင့် ဒေသခံများမှာ နေအိမ်အတွင်းပိတ်မိသူများရှိပြီး ကယ်ဆယ်ရန်လို အပ်နေကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့ထံက သိရသည်။
ယနေ့ မေလ ၁၄ ရက် နေ့လယ် ၂ နာရီ ၃၀မိနစ်တွင် ဒီရေများ၀င်ရောက်လာခြင်းဖြစ်ပြီး အိမ်များနှင့် ဈေးဆိုင်အချို့ ရေများအတွင်းမျောပါမှုများနှင့် နေအိမ်များ ရေနစ်မြုပ်မှုများရှိကြောင်း သိရသည်။
“ကျွန်တော်တို့လည်း ဘယ်လိုမှ ကူညီကယ်ဆယ်လို့ မရဘူးဖြစ်နေတယ်။ ကိုယ့်လူတွေပါ မျောကုန်တာ။ အနိမ့်ပိုင်းက အိမ်တွေမြုပ်ကုန်ပြီ။ ကြိုတင်ပြောင်းဖို့ ပြောပေမယ့် မလုပ်ကြဘူး။ ခုတော့ ဘာမှလုပ်မရဘူး” ဟု မြေပြင်တွင် ကူညီရန်ရောက်ရှိနေသည့် ပရဟိတအဖွဲ့၀င် တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိလေတိုက်နှုန်းမှာ တစ်နာရီကို မိုင် ၁၂၀ မှ ၁၃၀ မိုင်နှုန်းဖြင့်တိုက်ခတ်နေပြီး လေတိုက်နှုန်းမှာ ပိုမိုပြင်းထန်လာနိုင်ကြောင်းနှင့် ဒီရေအမြင့်ပေ ၁၆ ပေ အထိ မြင့်တက်နိုင်ကြောင်း စစ်ကောင်စီ၏ မိုးဇလမှ ထုတ်ပြန်ထား သည်။
ရခိုင်ပြည်နယ်ကို အနီရောင်အဆင့်အဖြစ် မုန်တိုင်း အန္တရာယ်သတိပေး၍ ကြိုတင် ရှောင်ရှားရန် ၂ ရက် ကြိုတင်၍ သတိပေးထားသော်လည်း ဒေသခံအချိူ့မှာ ပြောင်းရွှေ့ခြင်းမရှိကြောင်း ကူညီကယ်ဆယ်ရေး ပရဟိအဖွဲ့များထံက သိရသည်။
ယင်းစူပါဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ ညနေပိုင်းနှင့် ညပိုင်းတွင် စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်ဒေသများသို့ အင်အားမလျော့ဘဲ ဆက်လက်တိုက်ခိုက် သွားနိုင်ကြောင်းလည်း မိုးလေ၀သလေ့လာသုံးသပ်သူ ဦး၀င်းနိုင်က ဆိုသည်။
#စစ်တွေမြို့ # မိုခါစူပါမုန်တိုင်း #ဒီရေဝင်ရောက် #ဒေသခံပိတ်မိ #ကယ်ဆယ်ရန်လိုအပ် #Ayeyarwaddy_Times