ဧရာဝတီတိုင်းမ်
မေလ ၁၄ ရက်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ အင်အားပြင်းထန်တဲ့ စူပါဆိုင်ကလုန်း မိုခါ ကြောင့် မေလ ၁၄ ရက်နေ့မှာ လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူ ၂ ဦးဟာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နဲ့ တောင်ကုတ်မြို့နယ်က အမျိုးသား ၂ ဦးဖြစ်ပြီး ၂ ဦးလုံးက သစ်ပင်ပိပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဒီမနက် ရေကြည်မှာတော့ သစ်ပင်ပိတာက တစ်ဦးသေသွားတယ် အမျိုးသားတစ်ဦးပဲ ကားမောင်းလာရင်း သစ်ပင်ပိတာ”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တောင်ကုတ်မြို့နယ်၊ ကြိုးကြားကွင်းကျေးရွာအုပ်စု၊ စလူကျေးရွာမှာ လေပြင်းတိုက်ခတ်လို့ သစ်ပင်ပိပြီး သေဆုံးခဲ့တဲ့သူဟာ အသက် ၂၀ အရွယ် ချင်းတိုင်းရင်းသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ရေကြည်မြို့နယ်၊ တစောင်းရိုးကျေးရွာမှာသေဆုံးခဲ့တဲ့ အမျိုးသားကတော့ ဘေးတွဲဆိုင်ကယ်မောင်းသူ ဖြစ်ပြီး သစ်ပင်ပိပြီးသေဆုံးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
ဒါ့ပြင် မေလ ၁၄ ရက်နေ့ နေ့လည်ပိုင်းမှာပဲ ပြည်ဦးလွင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး သစ်ပင်ပိလို့ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
မိုခါမုန်တိုင်းဟာ စစ်တွေမြို့အနီးကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်ကျော်ဖြတ်နေဆဲ ဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်နေပေမယ့် အတည်ကျတော့ မသိရသေးပါဘူး။