ဧရာဝတီတိုင်းမ်
မေလ ၁၄ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်း၊ အနီးစခန်းရဲကင်းမှာ ကင်းစောင့်တာဝန်ကျနေတဲ့ ရဲတပ်သားတစ်ဦး သစ်ကိုင်းကျိုးကျ၍ ဦးခေါင်းပြတ်သေဆုံးခဲ့တယ် လို့သိရပါတယ်။

အဆိုပါ သေဆုံးတဲ့ ရဲတပ်သားတစ်ဦးဟာ ဒီက​နေ့ မေလ ၁၄ ရက် မနက် ၈ နာရီဝန်းကျင် လက်ဖက်ရည်ဆိုင်က အထွက်မှာပဲ သစ်ကိုင်းကျိုးကျပြီး ဦးခေါင်းပြတ်ကာ ပွဲချင်းပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“အဲ့ဒီရဲစခန်းက မန္တလေး-လားရှိုးသွားတဲ့ လမ်းဘေးမှာရှိတာ။ ဒီနေ့ သူက ကင်းစောင့်တာဝန်ကျနေတာ။ ရဲကင်းအနီးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို လက်ဖက်ရည်သွားသောက်တာ၊ ဆိုင်ထဲက ထွက်ထွက်ချင်းမှာပဲ သစ်ကိုင်းကျိုးကျတာ၊ သစ်ကိုင်းကကြီးတော့ တစ်ခါတည်ပဲ ခေါင်းပြတ်သေသွားတယ်” လို့ အနီးစခန်းရဲကင်းနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒါ့ပြင် သစ်ကိုင်းကျိုးကျလို့ ပွဲချင်းပြီးသေဆုံးသွားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားကို ဗွီဒီယိုလာရိုက်တဲ့ အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်သားရဲ့ ရုပ်အလောင်းကိုတော့ ပြင်ဦးလွင်နာရေးကူညီမှုအသင်းက ကားနဲ့ ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။
ဓာတ်ပုံ-တုသိတာလူမှုကူညီရေးအသင်း
#အနီးစခန်းရဲကင်း #ကင်းစောင့် #ရဲတပ်သားတစ်ဦး #သစ်ကိုင်းကျိုးကျ #ဦးခေါင်းပြတ်သေဆုံး၊ #ဗွီဒီယိုရိုက် #အမျိုးသမီးတစ်ဦးအဖမ်းခံရ #Ayeyarwaddy_Times