ဧရာ၀တီတိုင်းမ်
မေလ ၁၄ ရက်
ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်နေသည့် အလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်းမုန်တိုင်းမှာ စစ်တွေမြို့၏အနောက်တောင်ဘက် ရေမိုင် ၁၂၀ အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။
နေပြည်တော် မိုး/ဇလဌာနက မေလ ၁၄ ရက်နေ့ မနက် ၈ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ ဗဟိုချက်လေဖိအား ၉၃၁ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၃၀ မှ ၁၃၇ မိုင်နှုန်းခန့် ဖြစ်ပြီး မုန်တိုင်းအခြေအနေကို အနီရောင်အဆင့်သတ်မှတ်ထားကြောင်း မိုး/ဇလက ဆိုသည်။
မိုခါမုန်တိုင်းမှာ လက်ရှိတွင် စစ်တွေမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၂၀ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၃၀ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၄၀ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
လေတိုက်နှုန်းများမှာ ရခိုင်ပြည်နယ်၌ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင်(၁၁၀)မှ မိုင် (၁၂၀)ခန့်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၇၀)မှ မိုင်(၉၀)ခန့်အထိနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု သိရသည်။
“မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ကျောက်ဖြူ ခရိုင်နှင့် မောင်တောခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း (၁၆)ပေမှ ပေ(၂၀)ခန့်အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းရပါသည်”ဟု နေပြည်တော် မိုး/ဇလဌာနက ပြောသည်။
““ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ ကုန်တွင်းဝင်မယ့်လမ်းကြောင်း ထွက်လာတယ်၊ စစ်တွေနဲ့ ရသေ့တောင်ကြား ခန့်မှန်းနေ့လည် ၁၂ နာရီခွဲမှာ မုန်တိုင်းဗဟိုဖြတ်ကျော်ဝင်ရောက်နိုင်တယ်”ဟု မိုးလေဝသပညာရပ်လေ့လာနေသူ ဦးဝင်းနိုင်က ပြောသည်။
အဆိုပါ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ မုန်တိုင်း၏ အပြင်ဘက်ဆုံး အဝန်းအဝိုင်း သည် ရခိုင်ကမ်းရိုးတန်းဒေသများကို စတင်ဖြတ်ကျော်လျက်ရှိကာ၊ မုန်တိုင်း၏ ဗဟိုချက်မှာ ယနေ့ နေ့လယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်သွားမည်ဖြစ်ကြောင်း မိုး/ဇလဌာနက ထုတ်ပြန်ထားသည်။
ထို့နောက် မိုခါမုန်တိုင်းမှာ မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ဆီသို့ အားအလွန်ကောင်းသောဆိုင်ကလုန်း မုန်တိုင်း အနေဖြင့် ဆက်လက်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မိုခါမုန်တိုင်းကြောင့် နောက်(၂၄)နာရီအတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၁၁၀)မှ မိုင်(၁၂၀)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ ရခိုင်ကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၆)ပေမှ ပေ(၂၀)ခန့် ရှိနိုင်သည်ဟု ဆိုသည်။
မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ မိုင်(၇၀)ခန့်အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့် မှာ (၁၀)ပေမှ (၁၄)ပေခန့် ရှိနိုင်ကြောင်း သိရသည်။
#မုန်တိုင်း #နေပြည်တော် #မိုးလေဝသ #Ayeyarwaddy_Times