ဧရာဝတီတိုင်းမ်
မေလ ၁၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၁၃ ရက်နေ့ ညနေပိုင်းက စတင်ပြီး မြစ်ရေတက်လာတာကြောင့် အနိမ်ပိုင်းရပ်ကွက်နေထိုင်သူတချို့ ဘေးလွတ်ရာကို ကြိုတင်ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။

အမှတ် ၇ ရပ်ကွက်တောင်ရာမညဘက်မှာနေထိုင်သူ အများစုဟာ ဘုန်းကြီးကျောင်းတွေမှာ ရွှေ့ပြောင်း ခိုလှုံတာတွေပြုလုပ်လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

”မိုးကတအားမရွာသေးဘူး၊ လေတော့တိုက်နေတယ်။မြစ်ရေကတော့ သိသိသာသာတက်လာနေတာ၊ တချို့ကတော့ ကြိုပြောင်းနေပြီ”လို့ ပုသိမ်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်မြို့က ငဝန်မြစ်ရေဟာ မေလ ၁၃ ရက်နေ့ ညဦးပိုင်းမှာ လမ်းနဲ့ရင်ဘောင်တန်းတဲ့အထိ မြင့်တက်လာတာလို့ ဆိုပါတယ်။

မိုးလေဝသလေ့လာသုံးသပ်သူ ဆရာ ဦးဝင်းနိုင်ကလည်း ဧရာဝတီတိုင်းဟာ မုန်တိုင်းစက်ကွင်းက လွတ်ပေမယ့် မြစ်ဝကျွန်းပေါ်ဒေသဖြစ်တာကြောင့် မိုးရွာ၊ လေပြင်းတိုက်ပြီး ရေကြီးတာတွေဖြစ်ပေါ်လာနိုင်တယ်လို့ ဧရာဝတီတိုင်းမ်ကို ပြောဆိုထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
#ပုသိမ်မြို့ #မြစ်ရေတက် #ဒေသခံအချို့ #ရွှေ့ပြောင်း #Ayeyarwaddy_Times