နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁၃ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွင် စိတ်ကူးယဉ်သည့် ရောဂါမျိုးစုံရှိနေပြီး ကျိုင်းတုံလေဆိပ် ကိစ္စသည်လည်း စစ်ရေးအရ အရေးကြီးခြင်း မကြီးခြင်းထက် မြန်မာပြည်၏ လမ်းပန်းဆက် သွယ်ရေး အခြေအနေကို မြှင့်တင်နေသည်ဆိုသည့် ဂိုက်ဖမ်းရန်အတွက်သာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သဘောထား မှတ်ချက်ပေးလိုကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင်သည် ကျိုင်းတုံလေယာဉ်ကွင်း၊ လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ပြီးခဲ့သည့် မေလ ၁၁ ရက်က သွားရောက်ကြည့်ရှုခဲ့ပြီး ယခုအခါ ပြည်တွင်းခရီးစဉ်များနှင့် ဝေးကွာသည့် နေရာများသို့ ဂျက်လေယာဉ်များကို အသုံးပြုလာပြီဖြစ်၍ နိုင်ငံတွင် အသုံးပြု လျက်ရှိသော လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်ရန် လိုကြောင်း ပြောဆိုခဲ့သည်။

“အခုက မင်းအောင်လှိုင်က အဲဒီဒေသမှာ အိမ်နီးချင်းနိုင်ငံတွေက လေယာဉ်တွေ ဆင်းသက်နိုင်အောင် လုပ်မယ်ဆိုတာက အဓိကကတော့ လာအို၊ ထိုင်းတို့နဲ့ ဆက်စပ်မှုကို မြှင့်တင်ချင်တဲ့ သဘောပါ။ နောက်တစ်ခုက မင်းအောင် လှိုင်မှာ စိတ်ကူးယဉ်တဲ့ ရောဂါမျိုးစုံက ရှိပါတယ်။ မြေအောက်ရထားလမ်း ဖောက်တာတို့ဘာတို့ အနုမြူစွမ်းအင် ထုတ်လုပ်တာတို့ စသည်အားဖြင့် ဒီလိုစိတ်ကူးယဉ် စီမံကိန်းတွေ၊ အရူးအိမ်မက်တွေ ရှိနေတာ ကျွန်တော်တို့ တွေ့ ရပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ မြို့တော်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှု ဝေးကွာသည့် နေရာတစ်ခုဖြစ်သော်လည်း ယင်းဒေသသည် သာယာလှပသော သဘာဝပတ်ဝန်းကျင် ရေမြေတောတောင်ကို ပိုင်ဆိုင်ထား ရှိပြီး ပန်ကွဲကျေးရွာရှိ ဗုဒ္ဓဥယျာဉ်၊ လွယ်မွေအပန်းဖြေ တောင်စခန်းမြို့နှင့် အခြားလည်ပတ်နိုင်သည့် နေရာများစွာရှိသည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာတွင် ဖော်ပြထားသည်။

အိမ်နီးနားချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း လာအို၊ တရုတ်နှင့် ထိုင်းနိုင်ငံများမှ ကျိုင်းတုံလေဆိပ်သို့ တိုက်ရိုက်ပျံသန်း ဆင်းသက်နိုင်ရေး ဆောင်ရွက်ရန်လိုပြီး ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရန်၊ ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် ယခုကဲ့သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုထားသည်။

“သူ(မအလ) တက်လာတုန်းကလည်း မြေအောက်ရထားတွေရော၊ လျှပ်စစ်ရထား တွေရော၊ လျှပ်စစ်ကားတွေရော ပြောနေတာမို့ သူပြောတိုင်းလည်း စီမံကိန်းကြီး အကြီးကြီးလို့တော့ ထင်လို့မရဘူး။ တစ်ခါတစ်လေ ပါးစပ်ထဲရှိတာ လျှောက်ပြော သွားတယ်။ သူပြောတာတွေကတော့ အများကြီးပဲ။ အဲဒါတွေပြောတိုင်း စီမံကိန်း ကြီးကြီး မားမား လုပ်ဖို့ရယ်တော့ မဟုတ်ဘူး” ဟု မြန်မာနိုင်ငံနှင့်ပတ်သက်သည့် စာအုပ်များစွာရေးသားခဲ့သူ နိုင်ငံရေးသုတေသီတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် လာအိုအထိကို တရုတ်နိုင်ငံက ရထားလမ်းဖောက်နေသောကြောင့် လာအိုမှ ရှမ်းအရှေ့ကို ကားလမ်း၊ မဲခေါင်မြစ်ကိုလည်း တံတားအခိုင်အခံ့ တည်ဆောက် ထားသဖြင့် ကုန်သွယ်ရေးလမ်းကြောင်းနှင့် ပတ်သက်၍ စဉ်းစားစရာ ရှိနိုင်ကြောင်း နိုင်ငံရေးသုတေသီက ဆိုသည်။

“ကျိုင်းတုံဒေသဟာ မြန်မာစစ်တပ်အတွက် ပထဝီမြေအနေအထားအရ အရေးကြီး တဲ့နေရာ မဟုတ်ပါဘူး။ အဲဒီမှာ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့အချို့ တွေရှိသလို စစ်ကောင်စီရဲ့ ပြည်သူ့စစ်အဖွဲ့တွေလည်း ရှိပါတယ်။ ကျိုင်းတုံဒေသဟာ အင်္ဂလိပ်လက်အောက်ရောက်လိုက်၊ ဗမာဘုရင်လက်အောက် ရောက်လိုက်၊ ထိုင်းလွှဲပေးလိုက် စသည်အားဖြင့် အကြိမ်ကြိမ်ပေါ့ဗျာ။ တခြားအိမ်နီးချင်းနိုင်ငံဆီကို လွှဲပြောင်းပေးခဲ့ဖူးတဲ့ အစဉ်လာရှိပါတယ်။ ဒါကြောင့် စစ်ရေးအရတော့ အဲဒီဒေသဟာ အရေးမကြီးပါဘူး” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ဓာတ်ပုံ – စစ်ကောင်စီ

#ကျိုင်းတုံလေဆိပ် #စစ်ခေါင်းဆောင် #စိတ်ကူးယဉ်ရောဂါ #ဂိုက်ဖမ်း #Ayeyarwaddy_Times