ဧရာဝတီတိုင်းမ်
(ကျောက်ကြီး)၊ မေလ ၁၃ ရက်
ပဲခူတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာ၌ မေလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့် KNLA၊ ရိုးမစစ်ကြောင်း(၂)ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင် သေဆုံးခဲ့သည်ဟု ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။
စစ်ဝောာင်းမြစ်အရှေ့ဘက်ကမ်းရှိ ညောင်ပင်သာရွာအတွင်း အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် နံနက် ၁၁ နာရီဝန်းကျင်မှ နေ့လည် ၂ နာရီအထိ ၄ နာရီဝန်းကျင်နီးပါး အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြာသေဆုံးခဲ့ခြင်းဖြစ်သည်။
“ရန်သူ၂၀ကျော်သေတယ်လို့သိရတယ်။ အများစုက လူငယ်သင်တန်းဆင်းလား၊ရဲလားမသိဘူး။ မူးယစ်ဆေးသုံးထားတယ်လို့ယူဆတယ်။ အနီးကပ်ပစ်လို့ သေလဲထပ်တက်တာပဲ။ ထူးခြားမှုတခုက တလံကွာအကွာဝေးကနေလဲ သူတို့က အပေါ်ကိုပဲ ပစ်တာပဲ။သစ်ရွက်တွေပဲကြွေကုန်တာ။အနီးကပ်ထိပ်တိုက်တွေ့တာ။ သူတို့သာ တည့်တည့်ပစ်ရင် ကျနော်တို့ခလေးတွေလဲတော်တော်ကျမယ်။ ခုတော့ ဒဏ်ရာတောင်မရကြဘူး “ ဟု အသက် ၃၀ ဝန်းကျင် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် ညောင်ပင်သာကျေးရွာ အောက်ပိုင်းတွင်နေရာယူထားပြီး ညောင်ပင်သာကျေးရွာရှိ နေအိမ်တစ်ချို့အာလည်း ဖောက်ထွင်းကာ ပြည်သူပိုင် ပစ္စည်းများအား ယူဆောင်သွားကြောင်းလည်း သိရသည်။
“မိုင်းနင်းတာကြောင့်လဲ စစ်ကောင်စီဘက်ကအထိခိုက်သေဆုံးမှု များခဲ့တယ်။ သူတို့ဘက်က အလောင်းတစ်ချို့ရွာက အိမ်နောက်တွေမှာမြှပ်နှံ့ထားခဲ့တယ်။ ကျည်ပစ်အား၊ လက်နက်ကြီးပစ်အား တော်တော်ကွာလို့သာ လက်နက်မရယူနိုင်ပဲ ဆုတ်ပေးခဲ့ရတာပါ “ ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်မှ ထပ်မံရှင်းပြသည်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် အဆိုပါစစ်ကြောင်းသည် ၎င်းတို့ဖမ်းဆီးထားသည့် ညောင်ပင်သာရွာရှိ အသက် ၅ နှစ်အရွယ်ခလေးငယ် အပါအဝင် ဒေသခံ ၁၉ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ခုတ်ပိုင်း၍ မီးပုံရှို့ခဲ့ကြောင်းလည်း သိရပါသည်။
ဓာတ်ပုံ – ညောင်ပင်သာရွာမှ နေအိမ်တစ်ချို့နှင့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့်စစ်ကြောင်းမှ ဘတ်တံဆိပ်တစ်ချို့။
#ကျောက်ကြီး #ညောင်ပင်သာ #တိုက်ပွဲ #စစ်ကြောင်း #Ayeyarwaddy_Times