ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသအတွင်း စစ်ကောင်စီတပ်တွေရဲ့ နေအိမ်မီးရှို့ခြင်းခံခဲ့ရတဲ့ ဒေသခံအများစုဟာ နေရပ်သို့မပြန်ရဲပဲ တောတွင်းမှာသာ ဆက်လက်တိမ်းရှောင် နေရတယ် လို့ ဒေသခံများထံက သိရပါတယ်။

“ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတဲ့ရွာတွေ ရှိတယ်။ ဒေသခံအချို့ ပြန်ကြတဲ့သူတွေ ရှိပေမယ့်လည်း တစ်ချို့က မပြန်ကြ​တော့ဘူး။ နေစရာအိမ်လည်း မရှိတော့ဘူး။ အဝတ်ထုတ်က အဆင်သင့် ပြင်ထားရတယ်။ စစ်သားတွေ လာ​​ပြီဆိုတာနဲ့ ပြေးကြရတယ်။ စားစရာစျေးထွက်ဝယ်ဖို့တောင် အခုကမလွယ်တော့ဘူး။ သူတို့ကတွေ့ရင် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတော့ ရွံကြောက်တွေဖြစ်နေပြီ။ အများဆုံးတပ်စွဲတာက ဘုန်းကြီးကျောင်းတွေရွေးပြီး
တပ်စွဲတယ်”လို့ မိုးကြိုးပြင်ရွာက ဒေသခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ်ကို မီးရှိုတဲ့အပြင် နေအိမ်တွေကအဖိုးတန်ပစ္စည်းပါ ယူဆောင်ပြီး အိမ်မွေးတိရစ္ဆာန်များဖြစ်တဲ့ ဝက်၊ ကြက်၊ နွား၊ ဆိတ်၊ များကိုလည်း သေနတ်နဲ့ပစ်သတ်ကာ ၎င်းတို့ ရိက္ခာအတွက် ယူဆောင်လေ့ရှိတယ်လို့ ဒေသခံများကပြောပါတယ်။

ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်(မြောက်)ကျေးရွာ၊ တောကျောင်းရွာ၊ ဆည်တဲ၊ တုံရွာ စတဲ့ ကျေးရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီး လူဦးရေ ထောင်နဲ့ချီပြီး ဇွန်လ ပထမပတ်က စတင်ကာ နေရပ်ကိုစွန့် ခွာပြီးထွက်ပြေးတိမ်းရှောင်နေရတာဟာ အခုအချိန်ထိဖြစ်တယ် လို့ ဆားလင်းကြီး ဒေသခံတွေဆီက သိရပါတယ်။

လက်ပံတောင်းတောင်ဒေသရှိ တုံရွာအား စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ကျော်ဖြင့် ဇွန်လ ၂၅ ရက်နေ့က ဝင်ရောက်စီးနင်းပြီး တုံရွာ (ရွာမ) နှင့် တောကျောင်းကျေးရွာမှ အိမ်ခြေ ၃၀၀ နီးပါးမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၅ ဦးကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ထို့ပြင် လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းမှ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ မထင်ရင်မထင်သလို လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တာတွေ
လုပ်လေ့ရှိပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ အကြား ဇွန်လ အတွင်းကစတင်ပြီး ယနေ့အချိန်ထိ တိုက်ပွဲများဆက်လက်ပြင်ထန်နေဆဲ ဖြစ်တယ် လို့ဒေသခံတွေဆီက သိရှိရပါတယ်။

ဓာတ်ပုံ-စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခြင်းခံရတဲ့ တောကျောင်းရွာ