ဧရာဝတီတိုင်းမ်
မေလ ၁၃ ရက်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ပေါ်သို့ မုန်တိုင်းရှောင်ရန်ရောက်ရှိနေကြသည့် ဒေသခံ ၇,၀၀၀ (ခုနစ်ထောင်) ကျော် သည် စားရေးသောက်ရေးအခက်အခဲရှိနေ၍ မြို့ခံများက ထမင်းထုတ်ကောက် ပေးနေရကြောင်း သိရသည်။
အဆိုပါဒေသခံ ၇,၀၀၀ ကျော်သည် မြေပုံမြို့နယ်အတွင်းမှ မုန်တိုင်းရှောင်လာ ကြသူများဖြစ်ပြီး လက်ရှိတွင် မင်းပြားမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ဓမ္မာရုံများတွင် ခိုလှုံနေထိုင်လျှက်ရှိနေကြသည်။
မုန်တိုင်းရှောင်လာသူများမှာ စားနပ်ရိက္ခာလုံလောက်စွာ ပါမလာသည့်အတွက် မင်းပြား မြို့ခံများက ရပ်ကွက်အလိုက် အလှည့်ကျ ထမင်းထုပ်ကောက်ပေးနေရကြောင်း မင်းပြားမြို့ ဒေသခံများထံက သိရသည်။
” စားရေးသောက်ရေးအရမ်းအခက်ခဲရှိနေပါတယ်။ အလှူရှင်တွေလည်း မရှိသေးတော့ လောလောဆယ်ထမင်းမငတ်ဖို့ အရေးမြို့ခံတွေကပဲ စီစဉ်ပေးထားရပါတယ်။ရပ်ကွက် အလိုက် ထမင်းထုပ်တွေကို မနက်တကြိမ်၊ ညနေတစ်ကြိမ် အလှည့်ကျလာပို့ပေးဖို့ တာဝန်ပေးထားပါတယ်။ လူတွေက ဒီနေ့လည်းထပ်ရောက်လာနိုင်တဲ့ အနေအထားမို့ အကူ အညီတွေအရေးတကြီးလိုအပ်နေပါတယ် ” ဟု မင်းပြား ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
လက်ရှိအချိန်ထိ မြေပုံမြို့နယ်မှ မင်းပြားမြို့နယ်အတွင်းသို့ မုန်တိုင်းရှောင်လာသူဦးရေ ၂၀,၀၀၀ (နှစ်သောင်း) ကျော်အထိရှိနေပြီး ထက်ဝက်ခန့်သည် မင်းပြားမြို့နယ်ရှိ သစ်ပုတ်တောင်၊ ချော်ချောင်း၊ကျောက်ခုတ်၊ ပြန်ဝ စသည့်ကျေးရွာများတွင် ခိုလှုံ နေကြပြီး ၎င်းတို့စားရေးသောက်ရေးအတွက် ရက္ခိုင့်တပ်တော်(AA) မှ တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
စစ်တွေ၊ပေါက်တော၊မြေပုံ၊ ရသေ့တောင်၊မောင်တော၊ကျောက်ဖြူ၊မာန်အောင် မြို့ ခုနစ် မြို့ကို မုန်တိုင်းဝင်ရောက်နိုင်သောဒေသ အနီရောင်အဆင့် အဖြစ်သတ်မှတ်ထားပြီး အဆိုပါဒေသရှိ ပြည်သူများသည် မုန်တိုင်းဒဏ်ဆိုးဆိုးဝါးဝါး ခံရနိုင်သည့်အတွက် ဘေးလွတ်ရာသို့တိမ်းရှောင်နေထိုင်ကြရန်လည်း စစ်ကောင်စီက သတိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ- မင်းပြားမြို့ပေါ်၌ ခိုလှုံရန် ရောက်ရှိနေကြသည့် မုန်တိုင်းရှောင်များ
#မင်းပြားမြို့နယ် #မုန်တိုင်းရှောင် #စားသောက်ရေးခက်ခဲ #ပြည်သူ၇၀၀၀ #ဒေသခံများ #ထမင်းထုပ်ကောက် #Ayeyarwaddy_Times